ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက်။

မြန်မာနိုင်ငံ၏ ရေလုပ်ငန်းတိုးတက်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ရေးအတွက် ငါးကန်များကို အဆင့်မြှင့်တင်မှု များ ပြုလုပ်ရန်လိုအပ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။

“ငါးလုပ်ငန်းကဏ္ဍတိုးတက်ရေးအတွက် ငါးကန်ဟောင်းအဆင့်မြင့်တင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ လိုအပ် တယ်။ လုပ်ငန်းရှင်တွေအနေနဲ့ အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်မယ့်အပိုင်းတွေကို ပူးပေါင်းလုပ်ဆောင်ဖို့လို တယ်။”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနမှ ရန်ကုန်တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။

ငါးကန်ဟောင်းများ အဆင့်မြှင့်တင်ရေးအပါအဝင် လုပ်ဆောင်သွားမည့်လုပ်ငန်းစဉ်များကို လုပ်ငန်းရှင်များ ဖက်က အစိုးရထံတင်ပြပေးရန်လိုအပ်ကြောင်း ဦးထွန်းဝင်းမြင့်က ပြောသည်။

လက်ရှိ ရှိနေသည့် ငါးကန်များ တရားဝင်ဖြစ်ရေးနှင့် ငါးကန်ဟောင်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် စနစ်တကျ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်သည် ငါးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး ရန်ကုန်တိုင်း ဒေသကြီးမှ စတင်ကာ ငါးကန်ဟောင်းများ ပြုပြင်နိုင်ရန်၊ ကန်သစ်များတိုးချဲ့လုပ်ဆောင်နိုင်ရန်၊ မွေးမြူရေး နည်းစနစ်သစ်များအတွက် ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်း သိရသည်။

“ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ အရှုံးအမြတ်မသေချာတဲ့ မွေးမြူရေးနည်းစနစ်ကနေ စနစ်ကျတဲ့မွေးမြူရေး စနစ်ကို ပြောင်းလဲရမှာဖြစ်တယ်။ အစိုးရ၊ လုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မယ်။”ဟု မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဌ ဒေါ်တိုးနန္ဒာတင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးကန်ဧကပေါင်း(၇)သောင်းကျော်ရှိနေပြီး ငါးကန်များကို အဆင့်မြှင့်တင်ပါက ငါးကန်အကျယ်အဝန်းများကို ပြန်လည်ပိုင်းခြားသတ်မှတ်မှုများနှင့် အစာအရည်အသွေးကအစ ပြောင်းလဲလုပ် ဆောင်ရမည်ဖြစ်ခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် ငွေကြေးဆိုင်ရာအခက်အခဲများရှိနေကြောင်း သိရသည်။

Written by – MMK

Leave a Reply