ရေးမြို့နယ်အနောက်ဘက်၊ ကပ္ပလီပင်လယ်ပြင်၊ ငှက်ပျော်ကျွန်းအနီး ပင်လယ်ရေပြင်၌ ငါးဖမ်းလျက်ရှိသော ကျားဖောင်ပေါ်တွင် အလုပ်လုပ်နေစဉ်အတွင်း ရိုက်နှက်ဆဲဆိုခြင်းကို မကျေနပ်သဖြင့် ရန်ငြိုးထားကာ ဇန်နဝါရီ ၂၉ ရက်၌ ကျားဖောင်ရေလုပ်သားက ငါးပေါင်းဦးစီးချုပ်၏ လည်ပင်းက ငါးခွဲဓားဦးချွန်ဖြင့် ထိုးသတ်ခဲ့ကြောင်း ရေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျားဖောင်မှ ရေလုပ်သား နေစိုးထွန်းက ဆဲဆိုခံထားရသည်ကို ရန်ငြိုးထား၍ ငါးပေါင်းဦးစီးချုပ် ဦးမြင့်ဦးကို ငါးခွဲဓါးဖြင့် လည်ပင်းကို ထိုးနေစဉ်အတွင်း ယင်းကျားဖောင်ပေါ်၌ လိုက်ပါလာသော ရေလုပ်သား ထွန်းသူနှင့် ဝေလုတို့ကလည်း ဦးမြင့်ဦး၏ လက်နှစ်ဖက်ကို ဝိုင်းဝန်ချုပ်ကိုင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ငါးပေါင်းဦးစီးချုပ် ဦးမြင့်ဦးမှာ ကျားဖောင်ပေါ်၌ သေဆုံးခဲ့ပြီး ရုပ်အလောင်းကို ရေလုပ်သား နေစိုးထွန်းနှင့် အတူ ကျားဖောင်ရေလုပ်သား အောင်ချမ်းသာတို့က ပင်လယ်ရေကျဖြင့် မျှောချဖျောက်ဖျက်ခဲ့ကြောင်း ရေးမြို့မရဲစခန်း၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

ငါးပေါင်းဦးစီးချုပ် ဦးမြင့်ဦး၏ ရုပ်အလောင်းကို ဖျောက်ဖျက်ခဲ့သော်လည်း အလောင်းက မပျောက်ဘဲ ရေလုပ်သားတစ်ဦးက တွေ့ရှိခဲ့ကြောင်း ရေးလုပ်ငန်းရှင် ဦးလင်းမြတ်ထိုက်က ပြောသည်။

“တရားခံကိုတော့ ရေးမြို့မရဲစခန်းမှ အသေးစိတ် စစ်ဆေးနေဆဲဖြစ်ပြီး ရေးမြို့နယ် တရားရုံးမှာ ချုပ်ရမန် တောင်းခံထားပါတယ်”ဟု ရေးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ နေစိုးထွန်းအပါအဝင် လေးဦးကို ရေးမြို့မရဲစခန်းမှ (ပ) ၁၉/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ – ၃ဝ၂/၁၁၄ အရ အမှုဖွင့်အရေးယူထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

Written by – ရောင်နီဝင်း

Leave a Reply