ချောင်းဆုံ သြဂုတ် ၂၇

ချောင်းဆုံမြို့နယ်ရှိ ကျေးရွာလယ်ကွင်းများတွင် သြဂုတ်လ ၁၂ရက်နေ့ကဒီရေမြင့်တက်မှုကြောင့် မိုးစပါးစိုက်ခင်းများရေကြီးနစ်မြုပ်ပြီး ခရုဖျက်ဆီးခြင်းကြောင့် မိုးစပါးစိုက်ဧက ၅၀၀ နီးပါးပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။

“ပျက်စီးသွားတဲ့လယ်တွေကရေကြီးလို့ ပျက်စီးတာလည်းပါတယ် ။ အဓိကတော့အပင်အားနည်းချိန်မှာ ခရုကိုက်လို့ပျက်စီးတာဖြစ်တယ်”ဟုမရမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ငွေကဆိုသည်။

မြို့နယ်တွင် မိုးစပါးစိုက်ဧက ၆၀၀၀၀ ကျော်ရှိကြောင်းနှင့် ကျေးရွာများမှ တင်ပြလာသည့် ရေကြီးနစ်မြုပ်၍ ပျက်စီး မှုစာရင်းများအရ ကော့မုပွန်ကျေးရွာအုပ်စု ၄၄ ဧက ၊ ခရိုက်သစ်ကျေးရွာအုပ်စု ၄၀ ဧက ၊ မရမ်းကျေးရွာအုပ်စု ၂၀၄ ဧက ၊ ဟင်္သာကျွန်း ၂၀၁ ဧက ၊ စုစုပေါင်းပျက်စီးဧက မှာ ၄၈၉ ဧကရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရသည် ။

လယ်သမားများအနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင်ရာသီဥတုဒဏ်နှင့်ခရုဖျက်ဆီးမှုဒဏ်များကိုပိုမိုခံနိုင်ရည်ရှိအောင် စိုက်ပျိုးစနစ်ထက် ကျဲခင်းစနစ်ကိုပြောင်းလဲစိုက်ပျိုးသင့်ကြောင်းနှင့် ယခုနှစ်တွင်ကျဲခင်းစနစ်ဖြင့်စိုက်ပျိုးထား သည့်လယ်သမားအားလုံးနီးပါးမိုးစပါးအောင်မြင်ဖြစ်ထွန်းကြောင်းမြို့နယ်ချောင်းဆုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းနိုင်က အကြံပြုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply