မော်လမြိုင်၊ အောက်တိုဘာ ၄

မွန်ပြည်နယ်အတွင်းရှိ ရေသန့် စက်ရုံများကို သီးခြားရှောင်တခင်စစ်ဆေးမှု မပြုနိုင်သေးကြောင်း ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်ကပြောသည်။

ရေသန့်များကို ပြည်နယ်အဆင့်တွင် စစ်ဆေး၍မရသဖြင့် ရန်ကုန်နှင့် နေပြည်တော်ရှိ ဓာတ်ခွဲခန်းများသို့ ပို့ဆောင်ရကြောင်း၊ အဆိုပါဓာတ်ခွဲခန်းများ၏ အလုပ်ပမာဏနှင့် ဝန်ထမ်းအင်အားမမျှသဖြင့် ရှောင်တခင်မစစ်ဆေးနိုင်ကြောင်း ၎င်းကပြောသည်။

“ဒါပေမယ့် တိုင်ကြားမှု၊ ကျော်စောသတင်းနှင့်လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းတက်လာရင်ရှောင်တခင်စစ်ပေးတယ်” ဟု ၎င်းကပြောသည်။

ရှောင်တခင်စစ်ဆေးမှုများကို တစ်နေရာတည်းလုပ်၍မရဘဲအားလုံးကိုတစ်ပြေးညီစစ်ဆေးရကြောင်း၊ ရေသန့်အားလုံးကို ရန်ကုန်ဓာတ်ခွဲခန်းသိနမူနာပို့ရန်မှာ မနိုင်ဝန်ထမ်းရသကဲ့သို့ဖြစ်နေကြောင်းနှင့် ယမန်နှစ်ကမူ မော်လမြိုင်ရှိ ရေသန့်စက်ရုံ ၁၈ ရုံအားရှောင်တခင်စစ်ဆေးနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

လက်ရှိတွင် မော်လမြိုင်မြို့နယ်၌ သောက်ရေသန့် ဈေးနှုန်းတိုးမြှင့်ရောင်းချမည့်ကိစ္စအတွက် မြို့နယ် ရေသန့် လုပ်ငန်းရှင်များအဖွဲ့ကအသိပေးကြေညာထားသည်။

ဈေးနှုန်း တိုးမြင့်ရခြင်းမှာအထွေထွေကုန်ကျစရိတ် များမြင့်တက်၍ မော်လမြိုင်မြို့ နယ်ရေသန့်လုပ်ငန်းရှင်များ အားလုံး၏ သဘောတူညီချက် အရ လီတာ ၂၀ အဖြူတစ်ဗူးလျှင် ယခင် ကျပ် ၄၀၀ မှ ၅၀၀နှင့် လီတာ ၂၀ အပြာတစ်ဗူးလျှင် ယခင် ကျပ် ၄၅၀ မှ ၅၅၀ သို့ အောက်တိုဘာ ၄ရက်တွင်စတင်ပြောင်းလဲမည်ဖြစ်သည်။

ယခုနှစ်အတွင်း FDA ထောက်ခံချက်မရသေးဘဲ လုပ်ငန်းလည်ပတ်နေသော ရေသန့်စက်ရုံ ၄ ခုအား ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုရှိခဲ့သော်လည်း လုပ်ငန်းရှင်အချင်းချင်း၏ တိုင်ကြားမှုသာဖြစ်ကြောင်းအဆိုပါဌာန ခေတ္တပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်ကပြောသည်။

မွန်ပြည်နယ်တွင် FDAမှထောက်ခံချက်လက်မှတ်ရရှိထားသော ရေသန့်လုပ်ငန်း ၅၈ခုနှင့် လျှောက်ထားဆဲ ၁၁ ခုရှိသည်။

စန္ဒာဉာဏ်

Leave a Reply