မော်လမြိုင် နိုဝင်ဘာ

ရော်ဘာဈေးကွက်တွင် ဈေးနှုန်းများ ကျဆင်းနေသောကြောင့် ရော်ဘာအထွက်နှုန်း တိုးတက်စေရန်နှင့် အဆင့်မြင့်ကုန်ချော ထုတ်လုပ်နိုင်ရန်အတွက်သာ ဦးစားပေး လုပ်ဆောင်နေပြီဖြစ်ကြောင်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်း ဥက္ကဌ နိုင်ကျန်ရစ်က ပြောကြားသည်။

“ရော်ဘာဈေးကွက် အခြေအနေက လုံးဝကိုမကောင်းတော့ဘူး၊ ကျွန်တော်တို့ တစ်စိုက်မတ်မတ်လုပ်နေတာ ကတော့ ရော်ဘာအထွက်နှုန်းတိုးအောင် ဘယ်လိုလုပ်ရမလဲ၊ ထွက်လာတဲ့ရော်ဘာကို ကမ္ဘာပေါက်ဈေး ရအောင်လုပ်နေတယ်”ဟု ၎င်းက ပြောသည်။

ထွက်ရှိလာသော ရော်ဘာများကို အဆင့်မြင့်ရော်ဘာပြားအဖြစ် ပြန်လည်ထုတ်လုပ်နိုင်ရန်အတွက် အသင်းအနေဖြင့် အကောင်းဆုံး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း နိုင်ကျန်ရစ်က ပြောဆိုသည်။

ရော်ဘာဈေးနှုန်းသည် အောက်တိုဘာလက အကောင်းဆုံး RSS-3 တစ်ပေါင်လျှင် ၈၇ဝ ကျပ်၊ မြန်မာ RSS-3 တစ်ပေါင်လျှင် ၇၃ဝ ကျပ်နှင့် CSO တစ်ပေါင်လျှင် ၆၅ဝ ကျပ် ရှိနေပြီး ယခုလအတွင်း အကောင်းဆုံး RSS-3 တစ်ပေါင်လျှင် ၇၉ဝ ကျပ်၊ မြန်မာ RSS-3 ၆၂ဝ ကျပ် နှင့် CSO တစ်ပေါင်လျှင် ၆ဝဝ ကျပ်ထိ ကျဆင်းခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ရော်ဘာစီးတီး ပြုလုပ်မည်ဟု အစိုးရအဖွဲ့မှ ပြောကြားထားသော်လည်း လုပ်ကိုင်မည့်သူများကို ညွှန်ကြားချက်၊ လုပ်ဆောင်ရမည် လုပ်ငန်းစဉ်၊ လုပ်ကိုင်မည်ဆိုပါက လိုအပ်သည့် အထောက်အထားစသည့်တို့ိုကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးကြောင်း ၎င်းက ပြောဆိုသည်။

အဆင့်မြင့်ရော်ဘာပြား နှင့် ကုန်ချောထုတ်လုပ်နိုင်ရန်အတွက် ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းကာလုပ်ဆောင်နေသော်လည်း အစိုးရ ထောက်ပံ့မှုရရှိပါက ပိုမိုခရီးတွင်နိုင်မည်ဖြစ်ကြောင်း မုဒုံမြို့နယ်မှ ရော်ဘာလုပ်ငန်းရှင် ဦးမြင့်ဆောင်က ပြောကြားသည်။

“ကျွန်တော်တို့ ရော်ဘာလုပ်ငန်းရှင်တွေ၊ တောင်သူတွေနဲ့ ပူးပေါင်းပြီးတော့ အသေးစားစက်ရုံတွေ ထူထောင်ဖို့လုပ်နေတယ်၊ ကုန်ချောထုတ်ပြီးတော့ ကမ္ဘာ့ဈေးမီအောင် လုပ်ဆောင်ဖို့တော့ ကြိုးစားနေကြပါတယ်”ဟု ၎င်းက ပြောသည်။

ပြည်နယ် ရော်ဘာ စိုက်ဧကပေါင်း ၅ သိန်းခန့် ရှိနေပြီး ၁ သိန်းခန့်မှာ အလုပ်သမား ရှားပါးမှုကြောင့် ရပ်ဆိုင်းထားရကြောင်း နိုင်ကျန်ရစ်က ဆိုသည်။

ထိုက်ထိုက်

Leave a Reply