Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၁၃

ကျိုက်မရောမြို့နယ်၊ ကွာငန်း ကျေးရွာအုပ်စု၊ ပေါက်တော ကျေးရွာတွင် နိုဝင်ဘာ ၁၃ ရက်က ရော်ဘာခြံ တစ်ခြံ၌ ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်း တစ်လောင်းကို တွေ့ရှိ ခဲ့ရကြောင်း ကျိုက်မရော မြို့နယ် ရဲစခန်းမှ နယ်ထိန်း အရာရှိ ဒုရဲအုပ်ကျော်မင်းသူ ထံမှ သိရှိ ရသည်။

ယင်းနေ့ နံနက် ၁၀ နာရီခွဲ ခန့်တွင် သတင်းအရ သွားရောက်ခဲ့ရာ ဖော်ပြပါ ကျေးရွာရှိ ဦးဂွတို နေအိမ်ဘေးမှ ရော်ဘာခြံ အတွင်း၌ သားကြီး (ခ) မြတ်သူထွန်း (တောင်ငူမြို့၊ ပိတောက်လမ်း (၁) ရပ်ကွက်နေသူ) မှာ ဝမ်းဗိုက် အောက်ပိုင်း ဝဲယာ နှစ်ဖက်၌ ထိုးသွင်းဒဏ်ရာ တစ်ချက်စီဖြင့် သေဆုံး နေကြောင်း တွေ့ရှိရ၍ ကျိုက်မရော ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ကြောင်း မွန်မြတ်သော နှလုံးသားပိုင်ရှင်များ အသင်းမှ ကိုကျော်လွင်က ဆိုသည်။

“အခင်း ဖြစ်ပွားတဲ့ အနီးအနားမှာ သွေးတွေလည်း မရှိဘူး။ ရင်ဘတ်၊ ဝမ်းဗိုက်မှာ ထိုးသွင်း ဒဏ်ရာ နှစ်ချက် ကိုတော့ တွေ့ခဲ့ ရတယ်”ဟု မျက်မြင် တွေ့ရှိခဲ့သူ ကိုကျော်လွင်က ပြောသည်။

သေဆုံးသူမှာ လွန်ခဲ့သော တစ်နှစ်ခန့်က MCL ဘိလပ်မြေစက်ရုံတွင် အလုပ်လုပ်ကိုင် ခဲ့ဖူးသူ ဖြစ်ပြီး ကျန်းမာရေး မကောင်း၍ ၎င်း၏ နေရပ်သို့ ပြန်သွား ခဲ့သူလည်း ဖြစ်သည်။

မြတ်သူထွန်း သေဆုံးမှုနှင့် ပတ်သက်၍ ၎င်းနှင့် အလုပ်အတူ လုပ်ခဲ့ဖူးသည့် သူများနှင့် အနီး ပတ်ဝန်းကျင်ရှိ မသင်္ကာဖွယ် သက်သေအထောက်အထား များကို လိုက်လံစုံစမ်း၍ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ကျိုက်မရော မြို့နယ် ရဲစခန်းမှ နယ်ထိန်း အရာရှိ ဒုရဲအုပ်ကျော်မင်းသူ ဆိုသည်။

နိုဝင်ဘာ ၁၃ ရက်က ပေါက်တော ကျေးရွာ ရော်ဘာခြံ တစ်ခြံ၌ ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်း တစ်လောင်းကို တွေ့ရှိ ခဲ့သည်။

“စုံစမ်း စစ်ဆေးနေတဲ့ ကာလ ဖြစ်လို့ သားကြီး (ခ) မြတ်သူထွန်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပြု ပြောလို့ မရသေးဘူး။ ခရိုင် ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ ကိုယ်တိုင် အနီးကပ် ဦးဆောင်ပြီးတော့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင် တွေနဲ့အတူ အမှုမှန် ပေါ်ပေါက်ဖို့ ဆောင်ရွက် နေပါတယ်”ဟု ကျိုက်မရောမြို့မ ရဲစခန်းမှူး ဒုရဲမှူး အောင်မျိုးက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကွာငန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးက တရားလို ပြုလုပ် တိုင်ကြား ခဲ့သဖြင့် ကျိုက်မရော မြို့မ ရဲစခန်းမှ (ပ) ၂၇၁/ ၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၀၂) လူသတ်မှုဖြင့် အမှုဖွင့် ထားကြောင်း သိရှိ ရသည်။

ဓါတ်ပုံ – မွန်မြတ်သော နှလုံးသားပိုင်ရှင်များ အသင်း

Written by – ခေတ်မင်း

Advertisements
<

Leave a Reply