Advertisements

မော်လမြိုင်၊ ဇန်နဝါရီ

မွန်ပြည်နယ်တွင် ရော်ဘာသန့်စင်မှိုင်းခံ စက်ရုံတည်ဆောက်ရန် ချေးငွေကို ယခု ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ လာမည့်မတ်လအတွင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့၊ ကရင်တိုင်ရင်သားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောကြားသည်။

“ဒီချေးငွေကို ဘတ်ဂျက်နှစ်မကုန်ခင်မှာပေးသွားမယ်။ အခုမှ မြန်မာ့စီးပွားရေးဘဏ်က အစိုးရထောက်ခံချက် နဲ့ ချေးငွေထုတ်ပေးမယ်လို့အတည်ပြုလိုက်တယ်။ အဲဒါကြောင့် အစိုးရ ထောက်ခံချက်နဲ့ မတ်လအတွင်းမှာချေးငွေထုတ်ပေးမယ်” ဟု ဦးစောအောင်မြင့်ခိုင်က ဆိုသည်။

ယင်းချေးငွေများကို အသေးစား၊ အလတ်စားချေးငွေ ဥပဒေအတိုင်း သုံးနှစ်အတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး အတိုးနှုန်းအားဖြင့် ၈ကျပ် သတ်မှတ်ထားကြောင်း ၊ပြည်နယ်အစိုးရထောက်ခံချက်ဖြင့် ချေးငွေများကို ထုတ်ပေးခဲ့ခြင်းဖြစ်သည့်အတွက် ငွေကြေးပြဿနာများ ကင်းရှင်းစေရန်အတွက် အစိုးရ အပေါင်ပစ္စည်း ရာမညကေ်ာမတီအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကော်မတီတွင် အကြမ်းဖျင်းအားဖြင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ရော်ဘာဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပါဝင်မည်ဖြစ်ပြီး စက်ရုံလုပ်ငန်းတစ်ခုချင်းစီအပေါ် လုပ်ဆောင်ချက် ရှိ မရှိ၊ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာ၊စာရွက်စာတမ်းအထောက်အထား ခိုင်မာမှု ၊မြေယာပိုင်ဆိုင်မှုနှင့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးထောက်ခံချက်များကို စစ်ဆေးသွားမည်ဟု ဆိုသည်။

“တစ်ချို့လုပ်ငန်းရှင်တွေရှိတယ် ။ ရပြီးရင် မလုပ်နိုင်တဲ့ လုပ်ငန်းရှင်တွေ ရှိသေးတယ်။ ကျွန်တော်တို့ အဲဒါကို သေချာစိစစ်ပြီးတော့ လုပ်ပေးမယ် ၊ ထုတ်ပေးမယ်။ အစိုးရအာမခံနဲ့ ထုတ်ပေးမယ် ။ တကယ်လုပ်မယ့်လုပ်ငန်းရှင်တွေကိုပဲ ရွေးချယ်သွားမယ်” ဟု ဝန်ကြီးကပြောသည်။

မြန်မာ့စီးပွားရေးဘဏ်(MEB) အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလျှင် ချေးငွေ ပမာဏကျပ်သိန်း ၁၀၀၀ အထိ ထုတ်ချေးပေးထားမည်ဖြစ်ကြောင်း အဆိုပါ ဘဏ်ရုံးချုပ်မှ အထွေထွေမန်နေဂျာဒေါ်သင်းသင်းရည်ကဆိုသည်။

ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အသင်းဝင်၊ ရော်ဘာခြံရှင်တစ်ဦးက“ကျွန်တော်တို့က ချေးငွေကိုပဲမျှော်နေတယ်။ ဘာမှလည်း မလာဘူး။ အခုသူတို့က ဒီဘတ်ဂျက်အတွင်းမှာ ထုတ်ပေးမယ်ပြောတယ်။ သူတို့ ချေးငွေတွေကို ရရင်တော့ လုပ်ငန်းတွေကို စပြီးတော့ လုပ်မယ်”ဟုပြောသည်။

လက်ရှိတွင် ရော်ဘာအဆင့်မြှင့် သန့်စင်မှိုင်းခံစက်ရုံ တည်ဆောက်ရန် လုပ်ငန်းရှင် ၃၅ ဦးက အဆိုပြုတင်ပြထားကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက ပြောကြားသည်။

Written by ခင်နန်းဌေး

Advertisements
<

Leave a Reply