(ဓါတ်ပုံအညွန်း – မွန်ပြည်နယ် မှ ရာဘာထုတ်လုပ်သည့် လုပ်ငန်းခွင်တစ် ကိုတွေ့ရစဉ် )

မော်လမြိုင်၊ ဒီဇင်ဘာ

မွန်ပြည်နယ်ရှိ ရော်ဘာစိုက်တောင်သူများအတွက် ချေးငွေ အဖြစ် တစ်ဧကလျှင် ကျပ်သုံးသိန်းကျော် ထုတ်ပေးသွားရန် တွက်ချက်လျာထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကြည်စိုးက ပြောသည်။

“တစ်ဧကကို ကျပ် ၃၇၀,၀၀၀ ကို ထုတ်ချေးပေးမယ်လို့ တွက်ချက်ထားတယ်ပေါ့။ တွက်ချက်ပြီးထားတဲ့ စာရင်းတွေကို ကျွန်တော်တို့ကနေတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ကို နိုဝင်ဘာလ ဒုတိယအပတ်က တင်ပြထားတယ်။ ဘာမှ စာမကျသေးဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ချေးငွေများ ထုတ်ပေးရန် ရော်ဘာစိုက်ပျိုးဧက လေးသောင်းကျော် ကောက်ခံရရှိထားပြီး ကျန်ရှိနေသော ရော်ဘာစိုက်တောင်သူများအနေဖြင့်လည်း ချေးငွေများ ရရှိလာပါက စာရင်းတင်သွင်းလာမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ရော်ဘာခြံရှင်များအတွက် လုပ်သားခ၊ လိုအပ်သော ပစ္စည်းကိရိယာနှင့် ဓာတ်မြေသြဇာများအလုံအလောက်ဝယ်ယူနိုင်ရန် ရည်ရွယ်၍ ယင်းချေးငွေထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။

ထိုတင်ပြထားသော စာရင်းများကို ချေးငွေများရရှိရန် ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၊ရုံးချုပ်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“အရင်ကတော့ ပြောနေကြတာပဲ ။သူတို့ ထုတ်ပေးတာ မဟုတ်လောက်ဘူးထင်ထားတာ။ အခုကျတော့ တကယ်ဖြစ်သွားတယ်ဆိုတော့ အရင်စာရင်းပေးထားတဲ့ ခြံပိုင်ရှင်တွေကို သူတို့ ဘယ်လို ချေးငွေ ပေးလဲဆိုတာကို ကြည့်ရဦးမယ်ပေါ့။ ပြီးတော့မှ ကျွန်မတို့က တကယ်ရမယ်ဆိုရင်တော့ ကောင်းတယ်ပေါ့ ” ဟု မုဒုံမြို့နယ် နှီးပဒေါကျေးရွာရှိ ရော်ဘာခြံရှင် ဒေါ်ဝင်းက ဆိုသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း ရော်ဘာစိုက်ဧကပေါင်းငါးသိန်းကျော်ရှိသည့်အနက် အလုပ်သမားရှားပါးမှုနှင့် ငွေကြေးအရင်းအနှီး အခက်အခဲကြောင့် ယခုအခါ ရော်ဘာစိုက်ဧက သုံးသိန်းခန့်ကိုသာ အစေးခြစ်လုပ်ကိုင်နေကြကြောင်း သိရသည်။

Written by ခင်နန်းဌေး

Leave a Reply