ရော်ဘာပင်တန်းကြားက မေးခွန်းတစ်ခု

ရော်ဘာစိုက်ပျိုးလုပ်ကိုင်သူအချို့ကြား မကြာသေးမီ ယခုလပိုင်းတွင်မှ မေးခွန်းထုတ်ကြ အဖြေရှာကြည့်ကြသည့် အကြောင်းအရာတစ်ရပ် ရှိလာခဲ့သည်။

“ရော်ဘာပင်တန်းတွေအကြား ဝဥ စိုက်ပျိုးရင် စီးပွားဖြစ်မှာလား”ဆိုသည်ကိုပင်။
အချို့က ထောက်ခံသလို အများစုကတော့ ကန့်ကွက်ကြသည်။ ဘာတွေ အကျိုးရှိလာမည်၊ ဘယ်အရာတွေ ဆုတ်ယုတ်ခြောက်ခန်းသွားမည်ကို ချိန်ဆ ကြည့်ကြသည်။

“ချောင်းဆုံက ရော်ဘာခြံတွေကိုလည်း ဝဥစမ်းသပ် စိုက်ပျိုးဖို့ မြေငှားဖို့ ကမ်းလှမ်းပါတယ်၊ ဝဥစိုက်မယ့် တရုတ်ကုမ္ပဏီတစ်ခုက ငှားမယ်၊ ကိုယ်စားလှယ်တွေ လာ ချိတ်ဆက်တာပါ။ ခြံရှင်တွေက မငှားကြတာပါ”ဟု ချောင်းဆုံမြို့နယ်ခံ ရော်ဘာခြံလုပ်သား ဦးမောင်ရှိန်က ပြောပြသည်။

ပြည်ပပို့ကုန် ခိုင်မာသည်ဆိုသော်လည်း ဝဥကို စိုက်ပျိုးလုပ်ကိုင်ရန်အတွက်တော့ ဆန္ဒ သိပ်မရှိ၊ မလိုလားကြချေ။

“ဝဥ စိုက်ဖို့ တရုတ်ကုမ္ပဏီတစ်ခုက မြေငှားဖို့ ရော်ဘာပင်ပျို စိုက်ပျိုးထားတဲ့ ခြံတွေကို ဦးစားပေး မေးပါတယ်”ဟု မော်လမြိုင်မြို့နေ ရော်ဘာစိုက်ပျိုးလုပ်ကိုင်သူ ဦးသိန်းထွန်းက ပြောသည်။

“ဝဥက အရိပ်မကြောက်တဲ့အတွက် ၁ နှစ်ကနေ ၄ နှစ်သားအရွယ် ရော်ဘာခြံတွေ မရတဲ့အဆုံး ၅ နှစ်သား ၆ နှစ်သား အရွယ် ရော်ဘာခြံကိုလည်း ရရင်ငှားမယ်လို့ ကမ်းလှမ်းခဲ့တယ်”ဟု သူက ဖြည့်စွက်ပြောသည်။

စင်စစ် ရော်ဘာခြံများအတွင်း အပင်တန်းများကြား သီးထပ်သီးညှပ် စိုက်ပျိုးလုပ်ကိုင်ခြင်းမှာ လူပြောသူပြောနည်း၊ အရေးပေး အလေးထား ဆွေးနွေးသူ နည်းပါးနေသေးသော စီးပွားရေးကဏ္ဍတစ်ရပ်လည်း ဖြစ်သည်။

“ရော်ဘာစေးမထွက်ခင်က ရော်ဘာခြံ ခြောက်ဧကလောက်ကို ပြုစုလုပ်ကိုင်ရင်း ရော်ဘာတန်းကြားမှာ ရာသီပေါ်သီးနှံတွေ စိုက်ပျိုးခဲ့တယ်။ မိသားစုစားဝတ်နေရေး ၊ ပညာရေး ၊ ကျန်းမာရေးကိစ္စ ၊ လူမှုရေးကိစ္စတွေ ၊ များမြောင်လှတဲ့ အရေးကိစ္စတွေကို ဒီခြံအတွင်းမှာ အပင်မျိုးစုံအောင် စိုက်ပျိုးပြီး ဖြေရှင်းလာနိုင်ခဲ့တယ်”ဟု သက္ကောကျေးရွာနေ ရော်ဘာခြံရှင်ဒေါ်ထွေးမြင့်က သူမ၏ အတွေ့အကြုံကို ဖောက်သည်ချသည်။

ရော်ဘာစိုက်တောင်သူအများစုမှာ ရော်ဘာပင်ကို အတန်းလိုက် စနစ်တကျ စိုက်ပျိုးကြသည်။ ကိုင်းပွားစိုက်ခင်းကို တစ်တန်းနှင့် တစ်တန်းအကြား အနည်းဆုံး ၁၅ ပေ၊ တစ်ပင်နှင့် တစ်ပင်အကြား အနည်းဆုံး ၉ ပေ ခြားလျက် စိုက်ပျိုးသည်။ အဆိုပါ တန်းကြားပင်ကြားမြေကို ဥယျာဉ်ခြံဆန်ဆန် အကျိုးရှိရှိ အသုံးချနေခြင်းပင်။

“ရေ်ာဘာပင် ၁ နှစ်သားကနေ ၃ နှစ်သား ၄ နှစ်သားအရွယ်အထိ ရော်ဘာတန်းကြား မြေလွတ်တွေမှာ ရာသီပေါ်သီးနှံတွေ စိုက်ပျိုးလို့ ရပါတယ်။ ကွမ်းရွက်တွေလည်း စီးပွားဖြစ်စိုက်တယ်”ဟု ဘီလူးကျွန်း ကတောင်စိန်ကျေးရွာနေ ရာဘာခြံလုပ်သားဦးသန်းထွန်းက ပြောပြသည်။

အလားတူ သက္ကောကျေးရွာသူ ဒေါ်ထွေးမြင့်ကလည်း “ရော်ဘာခြံ သက်တမ်းနုစဉ် ခြံထဲမှာ ကြားညှပ်သီးနှံအဖြစ် ငှက်ပျောပင်၊ ပိန်းဥ ၊ ကန်စွန်းဥ ၊ နနွင်း ၊ ပဲဇင်းငုံ ၊ ဖရဲ ၊ ကွမ်းရွက် ၊ သင်္ဘောပင်၊ နာနတ်ပင် အပြင် ရွှေဖရုံ၊ ကျောက်ဖရုံပင်တွေနဲ့ တခြားစားပင်တွေကို လည်း စီးပွားဖြစ် စိုက်ပျိုးနိုင်တယ်”ဟု ဆိုသည်။

အဆိုပါမြေပေါ်တွင် ခုနောက်ပိုင်း လူပြောသူပြောများလာသည့် ပြည်ပဝယ်လက် ရှိသည့် ဝဥစိုက်ပျိုးရန် ဒေသခံတို့ စိတ်မဝင်စားမီမှာပင် တရုတ်ကုမ္ပဏီအချို့က စိုက်ပျိုးဖို့ မျက်စိကျလာ၊ လေသံပစ်လာ၊ ငှားရမ်းလုပ်ကိုင်ဖို့ ကမ်းလှမ်းလာခြင်းပင်။

သို့သော် ရော်ဘာအစေးလှီးခြစ် ထုတ်လုပ်နေသည့် ခြံသာရှိ၍ မြေငှားရမ်းခြင်းကို လက်မခံခဲ့ကြောင်း၊ ရာဘာတန်းကြားတွင် ဝဥစိုက်ပျိုးရန် မြေတူးဆွလိုက်လျှင် ရော်ဘာပင်များ အမြစ်နာ၍ အစေးထွက်နှုန်း ကျဆင်းနိုင်သည့်အပြင် မိုးကာလများတွင် လေဒဏ်၊ မိုးဒဏ် ကျရောက်ပါက ရော်ဘာပင်များ ယိုင်လဲမည်ကိုလည်း စိုးရိမ်ပူပန်ကြောင်း ဒေသခံ ရော်ဘာခြံရှင်တို့က ဆိုသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်၏ လမ်းပန်းဆက်သွယ်မှုအနေအထား၊ စိုက်ပျိုးလုပ်ကိုင်ရ ရင်းနှီးမြှုပ်နှံရ လွယ်ကူသည့် အနေအထားမျိုးကြောင့် လိုက်လံငှားရမ်းခြင်းဖြစ်ကြောင်း ရော်ဘာခြံရှင် ဦးသိန်းထွန်းက ပြော၏။ လက်ရှိအခြေအနေတွင်မူ မြေငှားရမ်းသူ မရှိသလို ဈေးနှုန်း မည်မျှပေး ငှားရမ်းမည်ကိုလည်း မသိရကြောင်း ဦးသိန်းထွန်းက ဆိုသည်။

ရော်ဘာခြံအတွင်း မြေလပ် ငှားရမ်းစိုက်ပျိုးလုပ်ကိုင်ခဲ့ဖူးသူ ဦးကျော်ရွှေက စိုက်ပျိုးရေးသမားအချို့မှာ
ကိုယ်ပိုင်မြေနေရာ မရှိ၍ ရာသီပေါ်သီးနှံများကို တစ်ဧကကို ကျပ်တစ်သိန်းနှုန်းမျှဖြင့် ငှားရမ်းလုပ်ကိုင်ရကြောင်း ပြောပြသည်။

ချောင်းဆုံမြို့နယ်တွင် ဝဥ စီးပွားဖြစ် စိုက်ပျိုးသူ မရှိသလောက် ဖြစ်ကြောင်း၊ ဝဥဈေးကွက်နှင့် စိုက်ပျိုးသည့် နည်းပညာများကို ယခုနှစ်မှပင် စိတ်ဝင်စားလာကြောင်း သူက ဆက်ပြောသည်။

“ရော်ဘာခြံအမျိုးအစားထဲမှာ မြေပြန့်ရှိတယ်၊ တောင်ကုန်းတွေ ရှိရင်ရှိမယ်။ ခြံအနေအထားကို ကြည့်ပြီး ဝင်ငွေရနိုင်တဲ့ ရာသီပေါ်သီးနှံတွေကို ရာဘာပင်ပျိုကာလမှာ စိုက်ပျိုးကြတယ်။ ဘာမှ မစိုက်ပျိုးရင်လည်း ခြုံရှင်း၊ မြက်ရှင်း လုပ်နေရပြီး လုပ်သားခ ကုန်တာချင်းအတူတူ ရာသီပေါ်သီးနှံတွေ စိုက်ပျိုးထားရင် အနည်းဆုံး လုပ်သားခလောက်တော့ ရနိုင်ပါတယ်။ စိုက်ပျိုးမြေကို အလဟဿ ထားမယ့်အစား စိုက်ပျိုးနိုင်ရင် ကောင်းပါတယ်”ဟု ကတောင်စိန်ကျေးရွာခံ ဦးသန်းထွန်းက ဆိုသည်။

မော်လမြိုင်ဈေးကွက်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နေ့စဉ် ဝဥ ပိဿာချိန် ၆၀၀၀ မှ ၈၀၀၀ ထိ ပုံမှန် အရောင်းအဝယ်ဖြစ်ခဲ့သည်။

“မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ စိုက်ပျိုးကြတဲ့ ဝဥကို မော်လမြိုင်ဈေးကွက်မှာ တင်ပို့ရောင်းချနေတဲ့အတွက် နေ့စဉ် ပုံမှန် ၁၂ ဘီးကား တစ်စီးစာ အရောင်းအဝယ်ဖြစ်တယ်”ဟု မွန်ပြည်နယ် ပဲနှမ်းကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်က ထိုစဉ်က ဆိုဖူးသည်။ သူက လက်ရှိလည်း ဝဥ ရောင်းဝယ်လုပ်ကိုင်နေသူ ဖြစ်၏။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ်တွင် ဝဥ ဈေးတန်းအမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ ယခုအခါ မော်လမြိုင်ဈေးကွက်တွင် ဝဥ အစိမ်းတစ်ပိဿာလျှင် ၂၃၅၀ ကျပ် ၊ အခြောက်တစ်ပိဿာလျှင် ၁၂၄၀၀ ကျပ်မှ ၁၄၆၀၀ ကျပ်ထိ အရည်အသွေးအပေါ်မူတည်ပြီး ဈေးတန်းရရှိနိုင်ကြောင်း ဦးကျော်ခိုင်မြင့်က ၂၀၁၉ နှစ်ဆန်းပိုင်းတွင် ပြောသည်။

မျိုးအနေဖြင့် ဥငယ်များကိုပြန်လည်စိုက်ပျိုးနိုင်သည့်အပြင် အကိုင်းအလက်မှရရှိသော အလက်မျိုးဥများကို လည်းစိုက်ပျိုးနိုင်ကြောင်း၊ မျိုးအနေဖြင့် ဥငယ်တစ်ပိဿာလျှင် ၄၀၀၀ ကျပ် ၊ အလက်ဥအနေဖြင့် တစ်ပိဿာ ၁၂၀၀၀ ကျပ် ပေါက်ဈေးအသီးသီးရှိကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

“ဝဥက စိုက်ပျိုးရတာလွယ်ကူတယ် ။ရေမလောင်း မြေသြဇာမကျွေးရဘဲနဲ့ ဝင်ငွေရရှိနိုင်တဲ့အပင်မျိုးလည်းဖြစ်တယ် ။ အရိပ်မကြောက်တဲ့အတွက် ရော်ဘာခြံ ၊ ဥယျာဉ်ခြံတွေမှာလည်းစိုက်ပျိုးနိုင်တယ်”ဟု ဦးကျော်ခိုင်မြင့်က ယမန်နှစ် စက်တင်ဘာတွင် ပြောခဲ့သည်။

ဝဥစက်ရုံအဖြစ် ဂျပန်အခြေစိုက် ကုမ္ပဏီတစ်ခုက ရေးမြို့တွင် တစ်ရုံ ရှိပြီး မော်လမြိုင်စက်မှုဇုန်တွင် နောက်ထပ် ဆောက်လုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။ ရေးမြို့တွင်ပင် တရုတ်အခြေစိုက် ကုမ္ပဏီတစ်ခုက ဝဥစက်ရုံတစ်ရုံ၊ မုဒုံမြို့နယ် မှိန်ကနိမ်းကျေးရွာတွင် တစ်ရုံရှိကြောင်းလည်း သိရသည်။

စိုက်ပျိုးရာတွင် ၃၀ ကျပ်သားခန့်ရှိသော ဝဥ ကို ဥ တိုက်ရိုက်ချ၍ လည်းကောင်း၊ ဥပန်းခိုင်မှမျိုးစေ့ငယ်များရယူ၍ လည်းကောင်း နည်းလမ်းနှစ်မျိုး အသုံးပြုနိုင်ကြောင်း ကျိုက္မရောမြို့နယ်တွင် ဝဥစိုက်ပျိုးလုပ်ကိုင်သူ ဦးတင်အေးက ရှင်းပြသည်။ လက်ရှိ စိုက်ပျိုးလုပ်ကိုင်နေသူ ကရင်ပြည်နယ် ကော့စိန်ဘန်အောက်ကျေးရွာအုပ်စုနေ ဦးလုက“ဝဥကို မြေအစိုဓာတ်ရှိတဲ့အချိန်မှာ စပြီး စိုက်ပျိုးနိုင်ပါတယ်။ နှစ်စဉ် တူးဖော်နိုင်တယ်ဆိုပေမယ့် တချို့က ၂ နှစ် ၊ ၃ နှစ်အရွယ်မှာ တူးဖော်တယ်။ အထားကြာလေ ဝဥ အရွယ်အစားကြီးလေ ဖြစ်တယ်”ဟု ပြော၏။

နိုင်ငံတကာ၌ ဝဥကိုခေါက်ဆွဲမျှင်၊ ဂျယ်လီ၊ အသားတု၊ ပူတင်း၊ ကော်ဖီ၊ သကြားလုံးများအဖြစ် ပုံစံ အမျိုးမျိုးနှင့် စားသောက်ကြသလို အလှကုန်ပစ္စည်းအနေဖြင့်လည်းကောင်း၊ စက်မှု ကုန်ကြမ်းအနေဖြင့်လည်းကောင်း၊ ကျန်းမာရေးအတွက် တိုင်းရင်းဆေးအနေဖြင့်ရောခေတ်မီဆေးဝါး အနေဖြင့်ပါ အသုံးတွင်ကျယ်သဖြင့်နိုင်ငံတကာဈေးကွက်မှာ ဝယ်လိုအားကောင်း၊ စီးပွားရေးအရ တွက်ခြေ ကိုက်နေသည်။

ဝဥခြောက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ပြည်ပသို့ ဘဏ္ဍာနှစ်အလိုက် တင်ပို့မှုစာရင်းကို လေ့လာကြည့်ပါက နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာသန်း ဆယ်ဂဏန်းဖြင့် နှစ်စဉ် ဝင်ငွေရရှိ နေပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

မည်သို့ဆိုစေ ဘီလူးကျွန်းဒေသခံ ရော်ဘာခြံရှင်တို့အဖို့တော့ မသိရသေးသည့် မြေယာအပေါ် နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကို ဝေဖန်သုံးသပ် ချိန်ဆနေဆဲ အခြေအနေပင် ဖြစ်သည်။

“မြေယာအပေါ် ထိခိုက်ပြုန်းတီးမှု နည်းတာ သေချာမယ်ဆိုရင် သူများလက်ထဲ ဘယ် ငှားနေပါ့မလဲ၊ ကိုယ်တိုင်ပဲ မျိုးချ စိုက်ပျိုးလုပ်ကိုင်လိုက်မှာပေါ့”ဟု ချောင်းဆုံမြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

ဝဥ၏ မူရင်းဒေသမှာ အရှေ့တောင် အာရှဒေသဖြစ်ပြီး အပူပိုင်း အာရှဒေသနှင့် အာဖရိကဒေသများတွင်လည်း သဘာဝ အလျောက်ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင်တောင်ပေါ်ဒေသများနှင့် ရန်ကုန်-ပြည် တစ်ကြော၊ ရန်ကုန်-မန္တလေးကြား၊ ကချင်၊ ကရင်၊ ရခိုင်၊ မွန်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးနှင့် တနသာၤရီတိုင်းဒေသကြီးတွေမှာ သဘာဝ အလျောက်ပေါက်ရောက်ကြသည်။ ကမ္ဘာတွင် မျိုးပေါင်း ၁၃၀ ခန့်ရှိပြီး၁၂မျိုးခန့်ကိုသာဖော်ထုတ် သုံးစွဲလျက်ရှိသည်။

“ရော်ဘာပင်ပြုစုပျိုးထောင်ရင်းနဲ့ ကိုယ့်နေရာ ၊ကိုယ့်ဒေသ ၊ကိုယ့်ဈေးကွက်နဲ့ ၊ ကိုယ်ရင်းနှီးမြှုပ်နှံနိုင်တဲ့ ကိုယ်တတ်သိကျင်လည်ပြီး ကိုယ့်ကျွမ်းကျင်တဲ့နည်းပညာတွေနဲ့ ကိုယ့်အကြိုက်နဲ့ကိုယ် စိုက်ပျိုးလုပ်ကိုင် နေကြတာပါ၊ ကိုယ့်တွက်ကိန်းနဲ့ကိုယ်စိုက်ပျိုးနေကြတာပါ ဘာဘဲဖြစ်ဖြစ်ဘယ်အသီးအနှံ မဆိုစနစ်တကျ စိုက်ပျိုးလုပ်ကိုင်ရင်တော့ အကျိုးရှိပါတယ်၊ မြေပေါ်မှာတစ်ပင်စိုက်ရင်တစ်ပင်အတွက်အကျိုးရှိနိုင်တဲ့ အသီးအနှံတွေကိုစိတ်မဝင်စားသူမရှိပါဘူး”ဟု မော်လမြိုင်မြို့ခံ ရော်ဘာခြံရှင် ဦးသိန်းထွန်းက မှတ်ချက်ပြု၏။

မည်သို့ဆိုစေ

ဘီလူးကျွန်းဒေသခံတို့အဖို့မူ မြေယာအပေါ်နောက်ဆက်တွဲ သက်ရောက်လာမည့် ကောင်းကျိုးဆိုးပြစ်တို့အပေါ် မှန်းဆဝေဖန်ရင်း ချိန်စက်နေကြဆဲပင် ဖြစ်လေသည်။

လွတ်လပ်မောင် – ယက္ခမြေ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.