ယခု ၂၀၁၉ နှစ်ဆန်းပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့သည့် 2019 Invest Myanmar Summit တွင်မွန်ပြည်နယ်အစိုးရကပြည်နယ်အတွင်းလာရောက် ရင်းနှီးမြှုပ်နှံနိုင်သော လုပ်ငန်းလေးရပ်ကို မိတ်ဆက် ဖိတ်ခေါ်ထားသည်။

မုဒုံစက်ရုံစု စီမံကိန်း(သို့မဟုတ်)ရော်ဘာစီးတီးမှာ လုပ်ငန်းလေးရပ်အနက် တစ်ခုအပါအဝင်ဖြစ်သည်။

ကျန်သုံးခုမှာ ကိုးရီးယား စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ကျိုက်ထီးရိုးဇုန် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၊ ကျိုက်ထိုမြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းတို့ပင်။

အထက်ပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မိမိတို့ ပြည်နယ်၊ မုဒုံမြို့နယ်၌ ရော်ဘာစီးတီးအဖြစ် သီးခြား အကောင်အထည်ဖော်ရေးဆောင်ရွက်နေကြောင်းထုတ်ဖော်ပြောဆိုခဲ့သလို ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူတို့ကို ဖိတ်ခေါ် ကမ်းလင့်ခဲ့သည်။

ဒေသထွက် ရော်ဘာကုန်ကြမ်းများကို အသုံးပြုလျက် ရင်းနှီးမြှုပ်နှံလိုသူများအတွက် အခွင့်အလမ်းကောင်းများရှိနေကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ညွှန်းဆိုခဲ့၏။

လာရောက် ရင်းနှီးမြှုပ်နှံသူမှာ အကျိုးခံစားခွင့်အနေဖြင့် အခွန်ကင်းလွတ်ခွင့် ငါးနှစ်ရရှိမည် ဖြစ်သည်။ အကြောင်းမူကား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဖွံ့ဖြိုးဆဲ ဇုန်(၂) တွင်ပါဝင်နေခြင်းကြောင့်ပင်။

စီမံကိန်းတည်ရာမှာ မုဒုံမြို့နယ်ခပ်ရခပ်ယူဘုရားအနောက်ဘက်တွင်ဖြစ်၏။ မြေဧရိယာ ၃၆၈ ဒသမ ၂၇ဧက ကျယ်ဝန်းသည်။

ပြည်နယ်အစိုးရအနေဖြင့် ယင်းစီမံကိန်း ဖော်ဆောင်ရေး ၂၀၁၈ နှစ်ကုန်ပိုင်းခန့်ကတည်းက လုံးပမ်းနေခြင်းဖြစ်ကြောင်း၊ စီမံကိန်းမြေနေရာမှာ သောက်သုံးရေ အလုံအလောက်ရရှိနိုင်သလို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး လျှပ်စစ်မီး ၂၄ နာရီ အပြည့်အဝပေးနိုင်ရန် အစိုးရကစီစဉ်
နေကြောင်းလည်း ၂၀၁၉ နှစ်ဆန်းပိုင်းတွင် သိရသည်။

ရော်ဘာနှင့် ပတ်သက်သည့် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မည့်စက်ရုံများ စီမံကိန်းတွင် ပါရှိမည်ဖြစ်သည်။

ယခု ဈေးကွက်အနေအထားမှာ ရော်ဘာကို ကုန်ကြမ်းအဖြစ်သာ တင်ပို့လျက်ရှိရာ စျေးနှုန်းရရှိမှု နည်းပါးသည့်အတွက်အဆင့်မြင့်ကုန်ချောများထုတ်လုပ်နိုင်ရန် ဦးတည်လုပ်ဆောင်နေကြခြင်းပင်။

ခရီးမပေါက်သေးသည့် ရော်ဘာမြို့တော်

လက်ရှိအခြေအနေတွင်မူ ရော်ဘာစီးတီးနှင့်ပတ်သက်၍ ဖော်ဆောင်မှုမှာမစတင်နိုင်သေးချေ။ ကနဦးဆောင်ရွက်မည့် အဝင်လမ်း ဖောက်လုပ်မှုကိုလာမည့်ပွင့်လင်းရာသီတွင်လုပ်ဆောင်ရန် လျာထားကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်စိုးက ဟင်္သာကို ဇွန် ၁၄ရက်တွင် ပြောသည်။

“(လမ်းအရှည်)ပေ ၂၆၀၀ မှာပေ ၈၀(လမ်းအကျယ်) လမ်းဖောက်ရမှာကိုး၊ တောင်သူ ငါးယောက်လောက်ရဲ့ အကွက်တွေဖြတ်ရမှာ ဖြစ်နေတယ်၊တောင်သူတွေနဲ့တော့အကြမ်းဖျင်းတော့ ညှိထားပြီးပါပြီ”ဟု ဆို၏။

ကနဦးလုပ်ငန်းဖြစ်သည့် အဝင်လမ်းကို ဖောက်လုပ်ပြီးမှသာ ကျန်လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

စီမံကိန်းတွင် ပြည်တွင်းလုပ်ငန်းရှင်များကို တစ်ဧကလျှင် ပျမ်းမျှငွေကျပ်ငါးသိန်းဖြင့် ငှားရမ်းနိုင်ရန် လျာထားကာ ပြည်ပကုမ္ပဏီများကို စျေးနှုန်းတစ်ခု သတ်မှတ်ထားကြောင်း ယမန်နှစ် ၂၀၁၈ နှောင်းပိုင်း ဒီဇင်ဘာက သိရသည်။

အဝင်လမ်း ပေါ်ပေါက်သည်နှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တို့မှာလည်း တသီတတန်း ရှိနေကြောင်း ဦးကြည်စိုးထံမှ သိရသည်။ မြေကွက်သတ်မှတ်မှု ယူနစ်နှင့် ပတ်သက်၍ ၎င်းက ယခုလို ပြောပြ၏။

“ယူနစ်ကွက်တွေကို ငါးဧက ယူနစ်နဲ့ ရိုက်မလား၊ ဆယ်ဧက ယူနစ်နဲ့ ရိုက်မလား၊ လမ်း Clearing လုပ်ပြီးရင် ပေါ်လာတဲ့ အပေါ် မူတည်တာပေါ့” ဟု ဆိုသည်။

ယင်းနောက် ရေစုကန် ဆောက်လုပ်ရန်၊ ရေဆိုးရေညစ် စွန့်ထုတ်ရန်ကိစ္စ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သစ်ပင်စိုက်ပျိုးရန် Green Land ဖော်ဆောင်မည့် လုပ်ငန်းစဉ်တို့လည်းနောက်ဆက်တွဲ ဆက်လက်ဖော်ဆောင်ရန်ရှိသေးကြောင်း ဦးကြည်စိုး ကဖြည့်စွက်ပြောပြသည်။

ထို့အပြင် စက်ရုံဝန်ထမ်းအိမ်ရာကိစ္စတို့ကိုလည်း ဆက်လက် စီမံရန်ရှိနေသည်။

“နိုင်ငံတကာမှာလုပ်တဲ့ ရော်ဘာစီးတီးမှာဆိုလည်းအကုန်လုံးပါတယ်၊စက်ရုံအမျိုးမျိုး ရှိတာကိုး၊ ကိုယ်တို့လုပ်မယ်ဆိုရင်လည်း အဓိကက ပါလာနိုင်တာကတော့ Value added စက်ရုံတွေပေါ့၊ တာယာတို့ ပန်ကာကြိုးတို့ လက်အိတ်တို့ ပါလာနိုင်သလို ရော်ဘာနဲ့ ပတ်သက်လို့ ပရိဘောဂ စက်ရုံတွေပါလာနိုင်တာပေါ့”ပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်မှ လူထုနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစားပြီးအစီအမံချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးကြည်စိုးက အကျယ်တဝင့် ပြောပြသည်။

မည်သို့ပင်ဆိုစေ ယင်းတို့၏ကနဦး လုပ်ငန်းစဉ် အဝင်လမ်းကိုပင်လျှင် လာမည့် ပွင့်လင်းရာသီမှသာ ဆောင်ရွက်နိုင်မည်ဖြစ်လေသည်။

မှန်းချက် မကိုက်သေးသည့် ရင်းနှီးမြှုပ်နှံမှု

ပြည်နယ်အစိုးရက ကမ်းလင့်သည်ဆိုစေကာမူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် အနေအထားမှာ တွက်ရေးမကိုက်ဟုဆိုရန် အကြောင်းရှိနေသည်။

အကြောင်းမှာ လက်ရှိအစိုးရ သုံးနှစ်တာကာလတွင် မွန်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကန်ဒေါ်လာ သန်း ၆၀၀ ကျော်ရှိခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့်နှစ်တွင် ယခင်နှစ်ကထက် ရင်းနှီးမြှုပ်နှံမှုကျဆင်းသွား၏။ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က အဆိုပါကာလတွင် ဆောင်ရွက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ခု၊ တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၆၁၄ ဒသမ ၆၂၈ သန်း ရှိခဲ့ကြောင်း ပြောဆိုထားသည်။

NLD အစိုးရလက်ထက် ဗွေဆော်ဦးနှစ်တွင် မွန်ပြည်နယ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမရှိခဲ့ဘဲ ဒုတိယမြောက်ဖြစ်သည့် ၂၀၁၇-၂၀၁၈ နှစ်တွင် ကန်ဒေါ်လာ ၄၇၅ သန်း ရရှိခဲ့သည်။ သို့ဖြစ်ရာ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ်ကထက် ထက်ဝက်ကျော် ကျဆင်း
သွားခြင်းဖြစ်သည်။

ရော်ဘာမြို့တော် မျှော်လင့်ချက်

မွန်ပြည်နယ် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်မြင့်ခိုင်က လက်ရှိ ရော်ဘာဈေးကွက်အခြေအနေနှင့်ပတ်သက်ပြီးအခုလို သုံးသပ်ပြသည်။

“ရော်ဘာစီးတီးကတော့ သက်ရောက်မှုအနေနဲ့က ရော်ဘာဈေးကွက်တစ်ခုလုံးအပေါ် သက်ရောက်နိုင်တဲ့အနေအထား၊ ရော်ဘာကဏ္ဍတစ်ခုလုံးတိုးတက်လောက်မယ့် အနေအထားနဲ့တော့ မသက်ဆိုင်ဘူး၊ ရော်ဘာစက်ရုံတွေ အဲဒီဘက်မှာ သွားပြီးတော့ အတတ်နိုင်ဆုံး စုနေမယ်ဆိုတဲ့ သဘောပဲ”ဟု၎င်းကပြောသည်။

လက်ရှိအခြေအနေတွင် ပြည်နယ်အစိုးရအနေဖြင့်ယင်းစီမံကိန်းအတွက်ကော်မတီ ဖွဲ့စည်းလျက် ဆောင်ရွက်နေကြောင်း ပြောသည်။

ယင်းစီမံကိန်းနှင့်  ပတ်သက်သည့် သောက်သုံးရေကိစ္စကို ပြည်နယ်ဝန်ကြီးချုပ် တောက်လျှောက် လုပ်ဆောင်နေကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍအတွက်လည်း အစိုးရအဖွဲ့အနေဖြင့် အားစိုက် လုပ်ဆောင်လျက်ရှိကြောင်းလည်း ဆက်လက်ပြောသည်။

“ရော်ဘာကဏ္ဍမှာ လုပ်ဆောင်ရမယ့် အဆင့်တွေ ကျန်သေးတယ်၊ များသေးတယ်ပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ရော်ဘာအရည်အသွေးပိုင်း၊ ဈေးကွက်ပိုင်း၊ အထွက်နှုန်းပိုင်း၊ ဒါတွေဆက်လုပ်ရမယ့် အပိုင်းတွေ ရှိသေးတယ်”ဟု ၎င်းက သုံးသပ်သည်။

မိမိတို့ရော်ဘာအထွက်နှုန်းမှာလည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်မည်ဆိုက မျိုးကြောင့်၊ မြေဩဇာအပါအဝင်သွင်းအားစုစိုက်ထည့်မှုအကြောင်းကြောင်းကြောင့် အထွက်နှုန်းက အိမ်နီးချင်းနိုင်ငံ အပါအဝင် အာရှနိုင်ငံအချို့နှင့် ယှဉ်သော် လျော့ကျနေကြောင်း ပြည်နယ်ဝန်ကြီးက ဆန်းစစ်ဝေဖန်။

ယင်းအပြင်  ဈေးကွက်အပိုင်းတွင်လည်း နှုန်းထားရရှိမှုမှာ လျော့နည်းနေကြောင်း ဆိုသည်။

“Marketing ပိုင်းမှာ ကျွန်တော်တို့ တိုးမပေါက်ဘူး၊ Marketingမကောင်းတဲ့အခါကျတော့ ကျွန်တော်တို့ ထုတ်လုပ်မယ့်အပိုင်းတွေကလည်းတချို့လျော့သွားတာတွေ ရှိတယ်” ဟုအပြန်အလှန်သဘောကို ၎င်းက စောကြောသုံးသပ်ပြ၏။

“ကျွန်တော် တခြားနိုင်ငံနဲ့ ယှဉ်ပြီးလေ့လာကြည့်တဲ့အခါမှာ ဈေးကွက်အပိုင်းတွေ၊ တည်ဆောက်ထားမှုအပိုင်းတွေမှာ ဆက်လုပ်ရမယ့် အပိုင်းတွေအများကြီးရှိတယ်၊ စုဖွဲ့မှုက အစပေါ့”ဟု ဆို၏။

တစ်ဖက်နိုင်ငံ ထိုင်းဘက်တွင် ရော်ဘာစိုက်တောင်သူတို့မှာ စုဖွဲ့ရပ်တည်ကြကြောင်း ဝန်ကြီးက လေ့လာမိသည် ဆို၏။

“ထိုင်း ဆိုလို့ရှိရင်တော့ တောင်သူတွေဆိုရင် တစ်ဦးတည်း မရပ်တည်ဘူး၊ အစုအဖွဲ့လိုက် ရပ်တည်တယ်၊ သမဝါယမပေါ့နော်၊ ကျွန်တော်တို့နိုင်ငံ ဆိုရင်တော့ သမဝါယမဆိုလည်းနားထောင်လို့ မကောင်းကြဘူး၊ အစုစပ်လုပ်ငန်း၊ သမဝါယမ၊ ဒါကတော့ရှိရမှာပဲ၊ နိုင်ငံရဲ့စီးပွားရေးပြောင်းလဲ
လာမှုနဲ့အတူ ဈေးကွက်က ယှဉ်ပြိုင်ရမယ်၊ အဲဒီအခါ တောင်သူတွေကတစ်ဦးချင်းပဲ ရပ်တည်နေကြတယ်ဆိုလို့ရှိရင် တကယ့်ကို အရင်းရှင်တွေနဲ့ယှဉ်တဲ့အခါကျရင် ကျွန်တော်တို့ကမယှဉ်နိုင်ဘူး။”

ရော်ဘာစီးတီးသာ အထမြောက် ရုပ်လုံးပေါ်လာလျှင် စက်ရုံ အလုပ်ရုံများ စုစည်းမိလာသည်နှင့် တောင်သူတို့၏ စုဖွဲ့မှု အားကောင်းလာမည်လား မျှော်လင့်နိုင်ဖွယ်ရာလည်း ရှိလာမည်ဖြစ်သည်။

ရော်ဘာကဏ္ဍ ရှေ့အလားအလာအတွက် မွန်ပြည်နယ် ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌကတော့ ယခုလို ဆိုလိုက်၏။

“တစ်ခုတိုက်တွန်းချင်တာက ဒီ မွန်ပြည်နယ်က တောင်သူတွေဆိုရင် သမဝါယမအသင်း လိမိတက်အနေနဲ့ ရပ်တည်၊  ဒါမှ မဟုတ်လို့ရှိရင် အစုစပ်လုပ်ငန်းအနေနဲ့ရပ်တည်ပြီးတော့ လုပ်မယ်ဆိုရင် ပိုပြီးတော့ ထိရောက်နိုင်တယ်၊ ကျွန်တော်တို့ ဦးတည်ခဲ့တာလည်းအဲဒါပဲ”ဟူ၍ ။    ။

မြတ်သွင်ဦး

Leave a Reply