မော်လမြိုင်၊ စက်တင်ဘာ

မွန်ပြည်နယ်အတွင်း၌ ရော်ဘာမှိုင်းခံသန့်စင် စက်ရုံတည်ဆောက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ထံသို့ ရော်ဘာလုပ်ငန်းရှင် ၂၈ ဦးက ချေးငွေတောင်းခံထားကြောင်း ပြည်နယ် လယ်ယာနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်စိုးက ပြောကြားသည်။
အဆိုပါ စက်ရုံများ တည်ဆောက်ရန် ချေးငွေရရှိစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်က ရော်ဘာလုပ်ငန်းရှင်များကို စက်တင်ဘာလ ၄ ရက်နေ့တွင် အဆိုပြုလွှာ တင်ပြရန် ကြေညာချက်ထုတ်ပြန်ထားကြောင်း ၎င်းက ပြောသည်။

“လုပ်ငန်းရှင် ၂၈ ဦးထဲက ဆိုရင် ရော်ဘာလုပ်ငန်းရှင် အသင်းအစုအဖွဲ့နဲ့ ပြီးတော့ လက်ရှိ မှိုင်းခံရော်ဘာအဝယ်ဒိုင်တွေကို ပြန်လည်ပြုပြင်ဖို့ရဲ တစ်ဦးချင်းရော်ဘာလုပ်ငန်းရှင်တွေလည်း အဆိုတင်သွင်းလာတယ်” ဟု ၎င်းက ဆိုသည်။

ထိုလုပ်ငန်းရှင် ၂၈ ဦး၏ အဆိုပြုလွှာများကို ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုသ့ို စက်တင်ဘာလ ၁၆ ရက်နေ့က တင်ပြသွားခဲ့ကြောင်း ၎င်းက ပြောသည်။

“လုပ်ငန်းရှင်တွေက အနည်းဆုံ သိန်း ၂၅၀၀ ကနေပြီးတော့ အမြင့်ဆုံး သိန်း ၇၀၀၀ အထိ အဆိုတင်သွင်းထားတယ်ပေါ့၊ တို့ မျှော်မှန်းထားတာတော့ သိန်း ၃၀၀၀ လောက်တော့ ထုတ်ပေးနိုင်ဖို့အတွက် ဆောင်ရွက်သွားမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

စက်ရုံတည်ဆောက်ရန် အဆိုပြုထားသော မြို့နယ်များနှင့် စက်ရုံအရေအတွက်မှာ ကျိုက်မရောမြို့နယ် ၁၄ ရုံ၊ သထုံမြို့နယ် ၃ ရုံ၊ ရေးမြို့နယ် ၃ ရုံ၊ သံဖြူဇရပ်မြို့နယ် ၃ ရုံ၊ ပေါင်မြို့နယ် ၂ ရုံ၊ မော်လမြိုင် ၁ ရုံ၊ ချောင်းဆုံ ၁ ရုံနှင့် မုဒုံမြို့နယ်တွင် ၁ ရုံတို့ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ရေးမြို့ကို သုံးရုံဆောက်သွားမယ်။ တစ်ရုံကို သိန်းပေါင်း ၃၀၀၀ ကျော်လောက်ကုန်မယ်လို့ မှန်းထားတယ်။ ပြီးတော့ ဘယ်အချိန် ထုတ်ပေးမလဲဆိုတာကိုတော့ မသိသေးဘူး” ဟု ရေးမြို့နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူတစ်ဦးက ပြောသည်။

ထိုစက်ရုံများကို တည်ဆောက်ပြီးပါက ပြည်ပဈေးကွက်သို့ တစ်လလျှင် ရော်ဘာတန်ချိန် ၁၀၀ ခန့် တင်ပို့နိုင်ရန် ဈေးကွက်ကို ရှာပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုအခါတွင် မွန်ပြည်နယ်၌ မှိုင်းခံသန့်စင်ရော်ဘာစက်ရုံ ၁၀၁ ရုံ ရှိကြောင်း ပြည်နယ် ရော်ဘာစိုက်ပျိုးရေး ဦးစီးဌာန စာရင်းအရသိရသည်။

Written by – ခင်နန်းဌေး

Leave a Reply