Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်တွင် ယခုရက်ပိုင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင်း ရော်ဘာစေးထွက်ရှိမှု လျော့နည်းလာခြင်းနှင့်အတူ ဈေးနှုန်းမှာလည်း ဆက်တိုက်ကျဆင်းလျက်ရှိကြောင်း ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ သိရသည်။

ပြီးခဲ့သည် စက်တင်ဘာလအတွင်းက ရော်ဘာဈေးနှုန်းမှာတစ်ပေါင်လျှင် ၉၄၀ ကျပ်ရှိရာမှ ယခု အောက်တိုဘာ ၁၉ ရက်နေ့တွင် တစ်ပေါင်လျှင် ၈၂၀ ကျပ်အထိ ဆက်တိုက်ကျဆင်းနေကြောင်း ယင်းအသင်းမှ ဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောကြားသည်။

“အခုချိန်မှာ ရော်ဘာတွေကလည်း ထွက်နေပြီးလေ။ တရုတ်က ဈေးနှိမ်တယ်ပေါ့။ ကမ္ဘာဈေးကွက်ကလည်းကျ ဆင်းနေတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။
ထိုပြင် ရော်ဘာခြံမှာလည်း ရော်ဘာဈေးနှုန်းများ မကောင်း၍ မြေသြဇာနှင့်သွင်းအားစုများကိုလည်း မထည့်သွင်းနိုင်ကြောင်း ရာသီဥတု အခြေအနေများကြောင့် အစေးထွက်ရှိမှုလျော့နည်းနေသည့်အတွက် ယခုအခါ ရော်ဘာခြံအများစုမှာ လုပ်ငန်း ရပ်ဆိုင်းနေရကြောင်း ရေးမြို့နယ်မှ ရော်ဘာခြံလုပ်သား ဦးအေးက ပြောသည်။

“ဈေးနှုန်းတွေက မကောင်းတော့ အလုပ်သမားတွေက အလုပ်သမားတွေ မရှိတော့ တချို့ခြံတွေ မလှီးဘဲ ထားနေရတယ်” ဟု နိုင်ကျန်ရစ်က ဆိုသည်။
ပြီးခဲ့သည်နှစ်က မွန်ပြည်နယ်တွင် အလုပ်သမားရှားပါးခြင်းကြောင့် ဧက တစ်သိန်းကျော်ကို ရော်ဘာအစေးမခြစ်ဘဲ ထားရှိခဲ့ရကြောင်းနှင့် ယခုနှစ်တွင် အစေးမလှီးထုတ်နိုင်သည့် ဧကပိုများလာနိုင်ဖွယ်ရာရှိကြောင်း ၎င်းက သုံးသပ်သည်။

ရော်ဘာဈေးကွက် ပြန်လည်ဦးမော့လာစေရန် အဆင့်မြင့်မှိုင်းခံ ရော်ဘာသန့်စင်စက်ရုံများ တည်ဆောက်ရန် ပြည်နယ်အစိုးရအဖွဲ့ထံ လုပ်ငန်းရှင် ၂၉ ဦးက ချေးငွေရရှိရေး တောင်းခံတင်ပြထားကြောင်း ပြည်နယ်စိုက်ပျိုးဦးစီးဌာနရုံးထံမှ သိရသည်။

Written by – ခင်နန်းဌေး

Advertisements
<

Leave a Reply