မော်လမြိုင် ဧပြီ ၂၇

ရေးမြို့နယ် ရေးချောင်းဖျားဒေသရှိ ကျေးရွာများတွင် သံသယလူနာများ တွေ့ရှိပါက မွန်ပြည်သစ်ပါတီမှ တည်ဆောက်လျက်ရှိသည့် မူးယစ်ဆေးသုံးစွဲသူများအား ကုသရေးနှင့် ပြန်လည်ထူထောင်ရေးဋ္ဌာန၌ ထားရှိသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဗညာလယ်က ပြောကြားသည်။

မွန်ပြည်သစ်ပါတီမှ တည်ဆောက်လျက်ရှိသည့် မူးယစ်ဆေးသုံးစွဲသူများအား ကုသရေးနှင့် ပြန်လည်ထူထောင်ရေးဋ္ဌာနမှာ ရေးချောင်းဖျားဒေသ၊ ဝယ်ဇင်ကျေးရွာအနီး ဒေဒဂွန်ဇွယ်တောင်ခြေတွင် တည်ဆောက်လျက်ရှိသည်။

“ရေးချောင်းဖျားဒေသမှာ သံသယလူနာများတွေ့ရှိပါက ရေးမြို့ဆေးရုံးသို့ မလွှဲပြောင်းခင် ဒီမှာ ယာယီထားရှိသွားမယ်။ အဲဒီကနေတစ်ဆင့် ရေးမြို့ဆေးရုံးကို အဆက်အသွယ်ယူပြီးတော့ လွှဲပြောင်းပေးသွားဖို့ လောလောဆယ်မှာ အစီအစဉ်တွေ ချထားတယ်”ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဗညာလယ်က ပြောသည်။

လတ်တလောတွင် မွန်အမျိုးသားကျန်းမာရေးဋ္ဌာန တာဝန်ရှိသူများက အောက်စီဂျင်အပါအဝင် လိုအပ်သည့်ပစ္စည်းကိရိယာများကို စုဆောင်းလျက်ရှိပြီး လာမည့်မေလ ၁ ရက်နေ့မှ စ၍ သံသယလူနာများကို ယာယီပြုစုစောင့်ရှောက်နိုင်ရေးအတွက် မွန်အမျိုးသားကျန်းမာရေးဋ္ဌာန တာဝန်ရှိသူများတို့က လာရောက်တာဝန်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

COVID-19 နှင့် ပတ်သက်ပြီး ရေးချောင်းဖျားဒေသရှိ ကျေးရွာများတွင် သံသယလူနာများ တွေ့ရှိလာပါက ရေးမြို့ဆေးရုံးကို လွှဲပြောင်းပေးနိုင်ရေးအတွက် မွန်ပြည်နယ်ကျန်းမာရေးဋ္ဌာန ဒေါက်တာဝတ်မှုံနှင့် ရေးမြို့ ဆေးရုံးတာဝန်ရှိသူများတို့နှင့် တွေ့ဆုံဆွေးနွေးထားပြီး မိမိအနေဖြင့်လည်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့်လည်း တွေ့ဆုံဆွေးနွေးထားပြီး ဖြစ်ကြောင်း နိုင်ဗညာလယ်က ဆိုသည်။

ရေးချောင်းဖျားဒေသရှိ ကျေးရွာများတွင် မွန်အမျိုးသားကျန်းမာရေးဋ္ဌာနတာဝန်ရှိသူများတို့က ဒေသခံပြည်သူများကို ပညာပေးလုပ်ဆောင်နေလျက်ရှိပြီး အအာခရီး(တရဴအအာ)နှင့် MA TA အဖွဲ့နှင့် မွန်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းတို့က Mask ၊ လက်အိတ်၊ ကလိုရင်းပိုးသတ်ဆေးနှင့် အခြားပစ္စည်းများကို လာရောက်လှူဒါန်းခဲ့သည်။

ရွှေရိုး

Leave a Reply