မော်လမြိုင် ၊ ဒီဇင်ဘာ ၄

ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ရှေးဟောင်းကျုံးတော်ကြီးဘေးလမ်းတွင် ဒီဇင်ဘာ ၂ ရက်၊ ညပိုင်းက လူငယ်သုံးဦး စကားများရန်ဖြစ်ရာမှ လူငယ်တစ်ဦး ဓါးအထိုးခံရမှုဖြစ်ပွားခဲ့ကြောင်း ရေးမြို့မရဲစခန်းက သိရသည်။

ရေးမြို့၊ အောင်မေတ္တာရပ်ကွက်နေ သီဟ (၂၃ နှစ်)မှာယင်းနေ့ ည ၉ နာရီခွဲခန့်က တစ်ရပ်ကွက်တည်းနေသူ ရန်နောင်ဦး (၂၀ နှစ် )နှင့် အောင်မင်္ဂလာရပ်ကွက်နေ အောင်မျိုးသန်း (၃၈ နှစ်)တို့နှစ်ဦးနှင့်အတူ အရက်သေစာသောက်စားခဲ့ကြောင်း၊ ကျုံးတော်ကြီးဘေးလမ်းတွင် အချင်းချင်း စကားများ ခိုက်ရန်ဖြစ်ပွားကြရာ ရန်နောင်ဦးက အရိုးအသွား ၁၁ လက်မခန့်ရှိ ဓားဖြင့်လည်းကောင်း၊ အောင်မျိုးသန်းကလည်း အရိုးအသွား ၉ လက်မခန့်ရှိ ဓားဖြင့်လည်းကောင်း သီဟကို ထိုးခဲ့ခြင်းဖြစ်ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းတွင် ဖော်ပြထားသည်။ ဓားနှစ်လက်စလုံးမှာ သံလက်ကိုင်တပ်ဆင်ထားသော ဦးချွန်ဓားများဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဓားဖြင့်အထိုးခံရသဖြင့် ကိုသီဟမှာ ယာပါးစောင်၊ မေးစေ့နှင့် လက်နှစ်ဖက်၌ ပေါက်ပြဲဒဏ်ရာများ၊ ရင်အုံနှင့် ယာနံစောင်းတို့၌ ထိုးသွင်းဒဏ်ရာများ၊ ဝဲမျက်လုံး၌ ညိုမည်းစွဲ ဒဏ်ရာများရရှိခဲ့သဖြင့် ရေးမြို့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

”ဓားနဲ့ ထိုးခဲ့ကြတဲ့ တရားခံနှစ်ယောက်ကိုတော့ ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဓားထိုးခံရတဲ့ သူကေတော့ ရေးဆေးရုံကြီးမှာ အတွင်းလူနာအနေနဲ့ ဆေးကုသမှုခံယူနေတယ်” ဟု ရေးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်နောင်ဦးနှင့် အောင်မျိုးသန်းတို့နှစ်ဦးကို ရေးမြို့မရဲစခန်းမှ (ပ) ၃၈၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အမှုဖွင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း ၎င်းက ဆိုသည်။

Written by ခေတ်မင်း

Leave a Reply