မော်လမြိုင်၊ မေ ။       ။ မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းဒေသတွင် သောင်းကျန်းနေသည့် ဓားပြနိုင်အကြိုင်း(ခ)မောင်ဝင်းအား မွန်ပြည်သစ်ပါတီမှ ဖမ်းဆီးမိခဲ့ပြီး မေလ ၁၇ ရက်က ရေးမြို့နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။

“ရေးမြို့နယ်တောင်ပိုင်းဘက်မှာ ဖမ်းမိတာတော့ သိတယ်၊ ဘယ်နေရာ ဘယ်ရွာအနားမှာ ဖမ်းမိတာတော့ ကျွန်တော်မသိဘူး။ ဒီနေ့ပဲ ကျွန်တော်တို့ ဝယ်ဇင်စခန်းမှာပဲ ရဲတပ်ဖွဲ့ကို အပ်ခဲ့ပါတယ်”ဟု ရေးမြို့နယ် မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးအုပ် နိုင်ပင်းက ပြောကြားသည်။

မွန်ပြည်သစ်ပါတီ ထာဝယ်ခရိုင်အလုပ်အမှုဆောင် နိုင်လဝီစိုက်ထော၊ နိုင်ကျော်မိုးတို့က ဦးဆောင်ပြီး ဓားပြ နိုင်အကြိုင်းကို ရေးမြို့မရဲစခန်းမှ စခန်းမှူးနှင့် အဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မွန်ပြည်သစ်ပါတီမှ ဓားပြ နိုင်အကြိုင်းအား ရဲတပ်ဖွဲ့ထံ အပ်နှံစဉ်တွင် လက်နက်ခဲယမ်းများ မပါဝင်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“အရင်းတုန်းက ကဗျာဝကမ်းခြေတွေ သွားကြတာများပေမယ့် ဓားပြတွေ သောင်းကျန်လာတဲ့အခါမှာ လုံခြုံမှုမရှိ တော့ သွားလာတဲ့လူတွေ နည်းပါးလာတယ်။ အခု ဒီလိုဖမ်းမိပြီးဆိုတော့ ပြန်လည်သွားလာတဲ့လူတွေ များလာ မယ်၊ ဘာပဲဖြစ်ဖြစ် အဆင်ပြေပြေသွားလာလို့ရမယ်၊ လုံခြုံသလို ခံစားရတယ်”ဟု ရေးမြို့နယ်ဒေသခံ ဦးအောင်နိုင်ဝင်းက ပြောသည်။

သဲခုံကျေးရွာတွင် ငွေနှင့် ရွှေထည်ပစ္စည်းများ စုစုပေါင်း ၃၄ သိန်းခန့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဓားပြ နိုင်အကြိုင်းမှ သေနတ်ပြခြိမ်းခြောက်ပြီး တောင်းယူခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

နိုင်အကြိုင်း ဆိုသူသည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က တနင်္သာရီတိုင်းသေကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်အခြေပြု ခလရ (၂၇၃) တွင် နိုင်မွန်ချမ်းအဖွဲ့ အလင်းဝင်ရောက်ခဲ့စဉ်ကလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

Written by – ရွှေရိုး

Leave a Reply