ရေး၊ ဖေဖော်ဝါရီ ။ ။ ရေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လျှပ်စစ်မီးရရှိ မည်ဟုဆိုကာ ကုမ္ပဏီသို့ ပေးသွင်းရန် မီးလင်းရေး ကော်မတီမှ ငွေကြေးကောက်ခံမှုများကို မွန်ပြည်နယ်လွှတ်တော်ကိုယ်စာလှယ်များက ဆက်လက် မကောက်ခံရန် တားမြစ်ထားကြောင်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံက ပြောကြားသည်။

ရေးမြို့နယ်ရှိ ပလော့၊ ဟံဂံ၊ ကော့လှိုင်၊ ခေါဇာ၊ မော့ကနင်း၊ ကော့ဒွတ်၊ နှစ်ကရင်၊ အနင်းကျေးရွာများသို့ ဖေဖော်ဝါရီ ၂၀ ရက်က မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ရေအားလျှပ်စစ် စီမံကိန်းနှင့် မီးရရှိရေး အတွက် သွားရောက်လေ့လာခဲ့ကြကြောင်း မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

“ရွာသားတွေက မီးလိုချင်တာသိတော့ ငွေကြိုတောင်းတယ်၊ တစ်သိန်းခွဲကနေ နှစ်သိန်းခွဲအထိ တောင်းတယ်၊ သုံးရစ်ခွဲပေးရတယ်၊ အဲ့ဒီငွေနဲ့ ဓာတ်တိုင်တွေ ထောင်ထားတယ်၊ ရွာထိပ်မှာ ထရန်စဖော်မာတစ်လုံး ထောင်ပေးမယ်လို့ ပြောတယ်၊ ရွာထဲအတွက်က ကိုယ့်ဘာသာ ဝယ်တပ်ရမယ်လို့ ဆိုတယ်၊ ငွေလည်းမရှိဘူး၊ မြေလည်းမရှိ စက်ရုံလုပ်ဖို့ မြေနေရာ ရှာတုန်းဆိုပြီး ငွေကြတော့ တောင်းနေတယ်၊ ရွာသားတွေ အညာခံရမှာ ဆိုးလို့ သွားတားတာ”ဟု မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံက ပြောသည်။

အဆိုပါ ကျေးရွာများမှ ဒေသခံများနှင့် နှစ်ရက်တာ သွားရောက်တွေ့ဆုံခဲ့ကြပြီး လျှပ်စစ်မီးစီမံကိန်းအတွက် ပြည်နယ်အစိုးရအနေဖြင့် လက်မှတ်ထိုးခြင်းကိစ္စအား ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်း မရှိကြောင်း၊ ယခုကဲ့သို့ ငွေကြေး အရှုပ်ရှင်းများ ဖြစ်ပေါ်လာပါက လွှတ်တော်သို့ ရောက်ရှိလာမည်ဖြစ်ပြီး ကြိုတင် တားမြစ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် သဘာဝဓာတ်ငွေရည်လက်ခံမည့် ဆိပ်ကမ်းလုပ်ငန်းစီမံကိန်း တည်နေရာမှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တောင်ဘက် ၆၅ မိုင်အကွာ ရေးမြို့နယ်၊ အနင်းရွာအနီး ပင်လယ်ကမ်းစပ်တွင် တည်ရှိပြီး ရေးမြို့နယ်အား မီးလင်းရေးနှင့် ပတ်သတ်၍ စီးပွားရေး လုပ်ငန်ရှင်များမှ အထူးစိတ်ဝင်စားသော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

Written by – ရွှေစင်

Leave a Reply