ရေးမြို့နယ်ကွမ်းသီးဈေးနှုန်းသည် တစ်ပိသာလျှင် ငွေ ၆၀၀၀ ကျပ်နီးပါးခန့်အထိ မြင့်တက်လာပြီး ယခုကဲ့သို့ ကွမ်းသီးဈေးနှုန်း မြင့်တက်လာခြင်းသည် ကွမ်းသီးအထွက်နှုန်း နည်းပါးလာခြင်းကြောင့်ဟု ရေးမြို့ရှိ ‘လင်း’ ကွမ်းသီးရောင်းဝယ်ရေးမှ ဦးဝင်းအောင်က ပြောကြားသည်။

ယခုနှစ် ကွမ်းသီးများသည် ယခင်နှစ်ကလောက် အရည်အသွေး မကောင်းသည့်အပြင် ထွက်သည့် ပမာဏသည် နည်းပါးခြင်းကြောင့် လည်းကောင်း၊ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ကွမ်းသီးများ နည်းပါးလာသောကြောင့်လည်း ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခင်နှစ်တွင် ကွမ်းသီးအမြင့်ဆုံးဈေးနှုန်းသည် ၄၈၀၀ ကျပ်အထိသာ ရှိခဲ့ပြီး ယခုနှစ်တွင် ကွမ်းသီး ဈေးနှုန်းသည် ၅၈ဝဝ ခန့်ရှိသည်ဟု ၎င်းက ရှင်းပြသည်။

“ဈေးတက်ရတဲ့ အကြောင်းအရင်းကတော့ ဒီနှစ်က ရာသီဥတု ပြင်းတဲ့အခါကျတော့ အထွက်နှုန်း နည်းတယ်။ ကျွန်တော်တို့ဆီမှာထက် ယိုးဒယားမှာလည်း နည်းတယ်။

မြိတ်မှာလည်းနည်းတယ်။ ကွမ်းသီးထွက်တဲ့ ဒေသတွေမှာ အားလုံးနည်းတာပေါ့လေ။

နည်းတဲ့အခါကျတော့ လိုအပ်တာနဲ့ အထွက်နှုန်းက မမျှတော့ဘူး”ဟု ၎င်းက ပြောပါသည်။

ရေးမြို့နယ်မှ ထွက်ရှိသော ကွမ်းသီးများသည် သေသေချာချာ ရွေးထားသော ကွမ်းသီးများ မဟုတ်ပဲ ဒေသမှ လာရောက်ရောင်းချသည့် အတိုင်းသာ ပြန်လည်ရောင်းချရသောကြောင့် ပြည်ပသို့ မတင်ပို့ဘဲ မော်လမြိုင်၊ သထုံ၊ ဘားအံ၊ ပဲခူး၊ မန္တလေးမြို့များသို့ အဓိကထား ပေးပို့နေပြီး ပြည်တွင်းတွင်သာ လက်ကား ရောင်းချနေသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“ကျွန်တော့်အမြင်မှာတော့ ဒီနှစ်ဒီအချိန်မှာ ဈေးက အရမ်းမြင့်နေတယ်၊ နှစ်တွေအကြာကြီး လုပ်လာတဲ့ သက်တမ်းမှာ ဒီလိုအချိန် ကွမ်းသီး ၆၀၀၀ ဈေးဆိုတာ မရှိခဲ့ဘူး။

ဟိုးတစ်နှစ်တုန်းက ၆၅၀၀ အထိ တက်ခဲ့တယ်။ ဒါပေမယ့် ဒီလိုအချိန် မဟုတ်ဘူး။

ကွမ်းသီးကုန်ခါနီး ရာသီလောက်မှ တက်တာ”ဟု ၎င်းက ပြောပါသည်။

ကွမ်းသီးအခြောက် အလုံးရေ တစ်သိန်းသည် အလေးချိန် ၆၅၀ ခန့်ရှိပြီး ကွမ်းသီးအလုံးရေ တစ်သိန်း၏ တန်ဖိုးသည် ငွေကျပ်သိန်း ၄၀ နီးပါး ရရှိသောကြောင့် ယခင်နှစ်ကထက် ဝင်ငွေ ပိုမို ကောင်းမွန်လာကြောင်း ရေးမြို့နယ်၊ အံဒင်ကျေးရွာမှ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ပန်းရွှေက ရှင်းပြခဲ့ပါသည်။

ကွမ်းသီးအစိုကို ခြံမှစတင်ခူးယူခဲ့သည့် အချိန်မှစ၍ ကွမ်းသီးအဝယ်ဒိုင်၌ သွားရောက်ရောင်းချရသည့် အချိန်အထိ စုစုပေါင်းကုန်ကျစရိတ်သည် ကွမ်းသီးအလုံးရေ တစ်သိန်းတွင် ငါးသိန်းဝန်းကျင် ကုန်ကျခံရသောကြောင့် ခြံရှင်အတွက် ငွေကျပ် သိန်း ၃၀ ကျော် ရရှိကြောင်း ၎င်းက ဆိုသည်။

Written by – ဇင်မိုးဝါ

Leave a Reply