မော်လမြိုင်၊ မတ် ။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်-တနင်္သာရီသွား ကားလမ်းမကြီးဘေး သီရိနန္ဒာရပ်ကွက်၌ Our Style Company Group Limited မှ ရင်းနှီးမြှုပ်နှံကာ အဆင့်မြင့် လုံးချင်းအိမ်ရာ စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ အဖွဲ့ဝင်ဒါရိုက်တာ ဦးရဲအောင်သူက ပြောကြားသည်။

အဆင့်မြင့် လုံးချင်းအိမ်ရာ စီမံကိန်းအပါအဝင် ကလေးကစားကွင်း၊ ပန်းခြံ၊ ကျန်းမာရေးအတွက် အားကစားရုံနှင့် ဆွမ်းလောင်းဓမ္မာရုံတို့လည်း ထည့်သွင်းတည်ဆောက်ရန် လျာထားချက်ရှိသော်လည်း ယင်းစီမံကိန်းကို ၂ဝ၁၉ ခုနှစ်အတွင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း Our Style Company Group Limited မှ အဖွဲ့ဝင်ဒါရိုက်တာထံမှ သိရသည်။

“မြို့နေပြည်သူတွေ လူနေမှု အဆင့်အတန်းမြင့်မားဖို့၊ ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ ရေးမြို့မှာ အထင်ကရနေရာတစ်ခုဖြစ်ဖို့ ကျွန်တော်တို့ ဆောင်ရွက်နေတာပါ”ဟု ဒါရိုက်တာ ဦးရဲအောင်သူက ဆိုသည်။

အဆင့်မြင့်လုံးချင်းအိမ်ရာ စီမံကိန်း တည်ဆောက်ပြီးပါက လက်ငင်းငွေပေးချေစနစ်ဖြင့် သော်လည်းကောင်း၊ တစ်နှစ်ကြာ အရစ်ကျ စနစ်ဖြင့် သော်လည်းကောင်း၊ ဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် လည်းကောင်း ပြန်လည်ရောင်းချသွားမည်ဟု သိရသည်။

အဆင့်မြင့်လုံးချင်း အိမ်ရာစီမံကိန်း တည်ဆောက်ရာတွင် ပေ ၄ဝ၊ ပေ ၆ဝ ပတ်လည်ရှိ နေအိမ်အလုံး ၂ဝ ၊ ပေ ၆ဝ ပတ်လည်ရှိ နေအိမ်ငါးလုံး၊ ပေ ၈ဝ၊ ပေ ၆၀ အကျယ်ရှိ နေအိမ် ခုနစ်လုံးနှင့် အခြားသော လုပ်ငန်းများလည်း ပါဝင်တည်ဆောက်သွားမည်ဖြစ်ကြောင်း Our Style Company Group Limited ထံမှ သိရသည်။

အဆိုပါ ကုမ္ပဏီမှာ တည်ဆောက်ရေး လုပ်ငန်းများကို ပထမအဆင့် လုပ်ငန်းများအနေဖြင့် စက်ယန္တရား လုပ်အားခ ကုန်ကျစရိတ် ကျပ်သိန်းပေါင်း ၅ဝဝဝ ခန့်ဖြင့် ခန့်မှန်းပြီး ဒုတိယအဆင့် လုပ်ငန်းများအနေဖြင့် ကျပ်သိန်းပေါင်း နှစ်သောင်းခန့် ကုန်ကျခံ တည်ဆောက်ရန် လျာထားကြောင်း ၎င်းအဖွဲ့ထံမှ သိရသည်။

Written by – ရောင်နီဝင်း

Leave a Reply