Advertisements

မော်လမြိုင်၊ စက်တင်ဘာလ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းမှ ကျေးရွာ ၁၁ ရွာကို ယခုနှစ်အတွင်း လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျေးရွာမီးလင်းရေး ဝိုင်းဝန်းဆောင်ရွက်သူ နှစ်ကရင်ကျေးရွာနေ ဦးစံရက ပြောသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြီးခဲ့သည့်လက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည့် ကုမ္ပဏီနှင့် မြို့မိမြို့ဖများတွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

“အောက်တိုဘာ ၁၅ ရက်နေ့ လျှပ်စစ်မီးလုပ်ငန်းများကို စတင်ပြုလုပ်သွားမယ်။ နှစ်ကရင်ကနေ တောင်ပေါ်အထိ ပေးသွားမယ်ပေါ့။ ဘုရားကုန်းဘက်ခြမ်းတော့ မပါဘူး။ နောက်နှစ် လမ်းသစ်ဖောက်ပြီးမှ ပေးသွားမယ်”ဟု ၎င်းကဆိုသည်။

အနင်းကျေးရွာ၊ သပြေရွာသစ်၊ နှစ်ကရင်၊ ဝယ်ဖယ်၊ မော့ကနင်းရွာသစ်၊ မော့ကနင်း၊ လမိုင်း၊ ကော့ဒွတ်၊ သောင်ပြင်၊ တောင်ဘုံ စသည့်ကျေးရွာများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ယူနစ်လျှင် ၂၈၅ ကျပ်နှုန်း ကျသင့်မည်ဖြစ်ပြီး တစ်ယူနစ်အတွက် ငါးကျပ်ကို ပြည်နယ် အစိုးရသို့ အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

“မီးသုံးစွဲတဲ့သူတွေက မီတာပုံးဖိုးပေးဆောင်စရာမလိုဘဲ မိမိအိမ်နဲ့ အနီးဆုံးဓာတ်တိုင်က ဆားဗစ်ကြိုး၊ မိန်းခုံ၊ မိန်းဘရိတ်ကာတစ်လုံး အခမဲ့ အပြီး တပ်ဆင်ပေးမယ်။ မိမိအိမ်တွင်း ဝိုင်ယာသွယ်တန်းခနဲ့ မီးပွင့်တပ်ဆင်ခတွေကိုတော့ မိမိတို့ ကုန်ကျခံရမယ်ပေါ့။ မီးစက်ကိုတော့ သပြေရွာသစ်မှာထားသွားမယ်”ဟု ဓာတ်အားဖြန့်ဖြူးမည့် ဦစိန်ဝမ်းကုမ္ပဏီမှတစ်ဆင့် သိရသည်။

အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ရန် 10.6MW(Diesel)Generator ဓာတ်အားထုတ်လုပ်ရေးစက်ရုံတစ်ရုံ၊ 66/ 33 KV ကောင်းကင်ဓာတ်အားလိုင်း ၅၀ မိုင်အပြင် လုပ်ငန်းပိုင်ဆိုင်ရာ အခြားလိုအပ်သည်များကိုလည်း အဆင့်ဆင့် တည်ဆောက်သွားမည်ဖြစ်ပြီး ခန့်မှန်းခြေ ကန်ဒေါ်လာ ၁၃ မီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု လျာထားကြောင်း ထပ်မံသိရှိရသည်။

မွန်ပြည်နယ်တွင် လျှပ်စစ်မီးမရသည့် အိမ်ခြေနှစ်သိန်းကျော်ရှိနေပြီး ရေးမြို့နယ်တွင် လာမည့်နှစ်၌ လျှပ်စစ်မီးများရရှိစေရန် အစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု သိရကြောင်း ဒေသခံ ဦးစံရက ထပ်မံ ပြောသည်။

Written by – ခင်နန်းဌေး

 

 

Advertisements
<

Leave a Reply