မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကွမ်းသီးခြံကြားထဲက သဘာဝအလျောက် ထွက်ရှိလာသော ဝဥ အစိုများသည် တရုတ်နိုင်ငံတွင် ဈေးကောင်းရခြင်းကြောင့် ဝဥ များကို မီးသွေးနှင့် အခြောက်ကင်ပြီး တရုတ်နိုင်ငံ ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း ရေးမြို့နယ်ရှိ ဝဥ အရောင်းအဝယ် လုပ်ကိုင်သူများက ပြောကြားသည်။

ဝဥ ကုန်ကြမ်းများကို တစ်ပိဿာလျှင် ၅ဝဝ ကျပ်ဖြင့် ဝယ်ယူပြီး မူဆယ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကာ တရုတ်ငွေဈေးပေါ် မူတည်ပြီး တစ်ပိဿာလျှင် ၈ဝဝဝ ကျပ်အထိ ဈေးကွက်အတွင်း တင်ပို့ရောင်းချနေကြကြောင်း ရေးမြို့နယ်ရှိ ဝဥ အရောင်းအဝယ်လုပ်ကိုင်သူ ဦးဝင်းက ဆိုသည်။

ရေးမြို့နယ်တွင် တစ်နှစ်လျှင် ဝဥ ပိဿာချိန် သုံးသိန်းခန့် ထွက်ရှိနေပြီး တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တစ်ကြိမ်ပို့လျှင် ပျမ်းမျှ ပိဿာချိန် ငါးထောင်ခန့် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ဝဥ အရောင်းအဝယ် လုပ်ကိုင်သူများထံမှ သိရသည်။

“တရုတ်တွေက ဝဥ ကို ဟိုတယ် ဟင်းလျာချက်စားဖို့အတွက် အတော်သုံးစွဲကြတယ်။ ပြီးတော့ သူတို့ရဲ့ အစားစာတွေမှာ အကုန်လုံးက ဝဥ ပါရမယ်။ ဝဥ စားရင် ကျန်းမာရေးနဲ့လည်း ညီညွှတ်တယ်လို့ ကျွန်တော် သိထားသလောက် ပြောတာပါ”ဟု ရေးမြို့နယ်ရှိ ဝဥ အရောင်းအဝယ်လုပ်ကိုင်သူ ဦးဝင်းက ဆိုသည်။

တရုတ်နိုင်ငံက အဓိက ဝယ်ယူပြီး အရည်အသွေး ကောင်းသော ဝဥ များကို ဂျပန်နိုင်ငံသို့ ဆက်လက် တင်ပို့ ရောင်းချနေခြင်းဖြစ်ကြောင်း ဟံဂံကျေးရွာရှိ ဝဥ အဝယ်ဒိုင်သူတစ်ဦးက ပြောသည်။

“ဂျပန်မှာ ဈေးကွက်ပိုကောင်းတယ်။ ကျွန်တော်တို့က ဂျပန်နိုင်ငံကို တင်ပို့ဖို့ အချိတ်အဆက်မရှိလို့၊ တရုတ်ကိုပဲ ပို့နေရတယ်”ဟု ၎င်းက ထပ်လောင်းဆိုသည်။

ဝဥ အထွက်နှုန်းများသော ကာလမှာ စက်တင်ဘာလမှ အောက်တိုဘာလအထိသာဖြစ်ပြီး အဆိုပါ ဝဥ များ တူးဖော်မရသည့် အချိန်ထိ ဝဥ အပင်များ မပျက်ဆီးအောင် ထိန်းသိမ်းရမည်ဖြစ်ကြောင်း ရေးမြို့နယ် ကွမ်းသီးခြံပိုင်ရှင် ဒေါ်မီးခိုင်က ပြောသည်။

Written by – ရောင်နီဝင်း

Leave a Reply