Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ

ရေးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနေသည့် ကုမ္ပဏီများအား တရားဝင် ခွင့်ပြုမိန့် ထုတ်ပေးထားခြင်း မရှိကြောင်း ဒီဇင်ဘာ ၁၁ ရက်၊ လွှတ်တော်အစည်းအဝေးတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောကြားသည်။

လက်ရှိလုပ်ကိုင်လည်ပတ်နေသော အဆိုပါကုမ္ပဏီများအနေဖြင့် တရားဝင် ခွင့်ပြုမိန့် ရယူထားခြင်း ရှိ၊ မရှိကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဆက်စပ် မေးခွန်းမေးမြန်းရာတွင် ဦးမင်းထင်အောင်ဟန်က ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပွင့်ပွင့်လင်းလင်းဖြေရရင်တော့ တရားဝင်ခွင့်ပြုပေးထားတာ မရှိဘူး”ဟု ၎င်းက ပြောသည်။
ရေးမြို့နယ်တွင် မြတ်သူရ၊ SEGEP ၊ Southern Myanmar Development စသည့်ကုမ္ပဏီများမှ ပြည်နယ် အစိုးရအဖွဲ့နှင့် MoU လက်မှတ်ရေးထိုးပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း၊ မြို့နယ်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ပတ်သက်ပြီး ပြည်နယ်စက်မှုလက်မှုကြီးကြပ်ရေး စိစစ်ရေးဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် လျှပ်ထုတ်စက် ၅၄ ခုရှိကြောင်း ဦးမင်းထင်အောင်ဟန်က ထပ်လောင်းပြောကြားသည်။

မွန်ပြည်နယ် အလတ်စားနှင့် အသေးစားပုဂ္ဂလိက လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးဆိုင်ရာ ဥပဒေ အခန်း (၅) ပုဒ်မ ၂၄ အရ အစိုးရအဖွဲ့သည် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စားနှင့် အသေးစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းတို့ကို ပြည်တွင်းပြည်ပမှ ရင်နှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်လိုသည့် မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆို တည်ဆဲဥပဒေများနှင့်အညီ ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း ပြုနိုင်ကြောင်း၊ ငြင်းပယ်ပါက ငြင်းပယ်ကြောင်း လျှောက်ထားသူများအား ပြန်ကြားရမည်ဟုအတိအလင်းဖော်ပြထားကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ထောက်ပြပြောဆိုခဲ့သည်။

“နည်းဥပဒေမရှိရင် ပြထားပြီးသားဥပဒေတွေ အသက်မဝင်တော့ဘူးလား။ ခွင့်ပြုမိန့်ရဲ့ သဘောတရားက အစိုးရအဖွဲ့က ခွင့်ပြုမိန့် ထုတ်ပြီးမှ အဲဒီခွင့်ပြုမိန့်လက်မှတ်ကို ရရှိမှ ဘယ်ကုမ္ပဏီအဖွဲ့အစည်းမဆို သက်ဆိုင်ရာနယ်မြေမှာ တိုင်တစ်တိုင်ထောင်ခွင့်ရှိတယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့က ထပ်လောင်း ပြောကြားသည်။

မွန်ပြည်နယ်တွင်း ၁၀ မြို့နယ်ရှိသည့်အနက် ရေးမြို့နယ်မှာ မဟာဓာတ်အားလိုင်း မရောက်ရှိသေးသည့် နေရာတစ်ခုဖြစ်ပြီးပုဂ္ဂလိကကုမ္ပဏီများက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြခြင်းဖြစ်သည်။

Written by ရွှေရိုး

Advertisements
<

Leave a Reply