Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၈

ရေးမြို့နယ်၊ သီရိခေမာရပ်ကွက်ရှိ ရွှေဟင်္သာအရက်ချက်စက်ရုံမှာ ပတ်ဝန်းကျင်ထိခိုက်မှုများ ရှိသည့်အတွက်ကြောင့် ပိတ်သိမ်းရန် ပြည်နယ်အစိုးရက ညွှန်ကြားထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနထံမှ သိရသည်။

ယင်းစက်ရုံမှာ ဖော်ပြပါဌာန၏ ထောက်ခံချက်မရှိသည့်အပြင် ပုလင်းကွဲများကိုလည်း စနစ်တကျစွန့်ပစ်ခြင်း မရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းထွန်းက ပြောသည်။

“လုပ်ငန်းက ပတ်ဝန်းကျင်ထိခိုက်မှုရှိပြီး အရက်ချက်လုပ်ငန်းတစ်ခုလည်းဖြစ်တယ်။ အဲဒီအတွက် အစိုးရအဖွဲ့ကို တင်ပြတော့ ယာယီရပ်ဖို့ကို ထွေအုပ်က တစ်ဆင့် ညွှန်ကြားထားတယ် ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဦးစီးဌာန(FDA)မှ စစ်ဆေးရန်အတွက်လည်း ပြည်နယ်အစိုးရမှ အကြောင်းကြားထားကြောင်း ၎င်းက ပြောသည်။

၎င်းစက်ရုံအနေဖြင့် ပြည်နယ်အစိုးရ ညွှန်ကြားသည့်အတိုင်း လုပ်ငန်းယာယီရပ်ဆိုင်းခြင်းမရှိပါက လုပ်ငန်းလိုင်စင် ပြန်လည်ရုပ်သိမ်း အရေးယူခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ စက်ရုံလည်ပတ်နေခြင်းမှာ ကြာမြင့်ပြီဖြစ်စေကာမူ FDAမှ စစ်ဆေးချက်များ၌ လူနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် ရလဒ်များ တွေ့ရှိပါက ပိတ်သိမ်းရမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

Written by ရင်ငြိမ်းချမ်း

Advertisements
<

Leave a Reply