Advertisements

မော်လမြိုင် ဖေဖော်ဝါရီ

မွန်ပြည်နယ် ရေးမြို့နယ် ရန်ကြီးအောင်ရပ်ကွက်ရှိ ရှေးဟောင်းကျုံးကြီးတွင် ငါးအများအပြား အောက်ဆီဂျင် ပြတ်လပ်ကာ သေဆုံးခဲ့သောကြောင့် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရေးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုလွင်က ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး လာရောက်ခဲ့စဉ်က ကျုံးအတွင်း ငါးအရေအတွက် လျှော့ချခြင်း၊ ရေများကို ဓာတ်ခွဲစစ်ဆေးခြင်းများ လုပ်ဆောင်ရန် ၊ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန အပါအဝင် ရပ်မိရပ်ဖများ၊ ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

Advertisements
data-language="en"

“ဘာလို့သေလဲဆိုတော့ ရေပမာဏကနည်းပြီး ငါးပမာဏကများနေတယ်၊ အဲဒီတော့ အောက်ဆီဂျင် ပြတ်သွားတာပေါ့၊ ငါးအရေအတွက် လျှော့ချမယ်၊ ပြီးရင် ရေကို ဓာတ်ခွဲစစ်ဆေးမယ်” ဟု ၎င်းက ပြောသည်။

ကျုံးတွင် ဘေးမဲ့ငါးများ လာလွှတ်မှုကြောင့် ငါးပိုမိုများပြားလာသဖြင့် ထပ်မံသေဆုံးမှုမဖြစ်ပေါ်စေရန် ကန်အတွင်းရှိနုန်းအနည်အနှစ်များ ဖယ်ထုတ်ပေးကာ ကန်အတွင်းရှိ ငါးကောင်အရေအတွက်ကိုလည်း လျှော့ချရန် တာဝန်ရှိသူများက စီမံဆောင်ရွက်နေကြောင်း ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ရက်နှင့် ၉ရက်က ကျုံးအတွင်း ငါးအများအပြား သေဆုံးခဲ့သဖြင့် ငါးအရေအတွက် သိသိသာသာနည်းပါးသွားကြောင်း ရေးမြို့ဒေသခံ ဦးအောင်နိုင်ဝင်းက ပြောသည်။

“ပြီးခဲ့တဲ့ ရက်က ငါးတွေ အောင်ဆီဂျင်ပြတ်ပြီး တော်တော်လေး သေသွားတယ်။ အခုဆို ကျုံးထဲမှာ သိပ်မကျန်တော့ဘူး၊ အဲဒီတော့ ငါးအရေအတွက်လျှော့ချဖို့က သိပ်လုပ်စရာမလိုတော့ဘူး၊ သန့်ရှင်းရေးနဲ့ တူးဖော်ရေးကိုတော့ ကျွန်တော်တို့ ရပ်မိရပ်ဖတွေ စတင်လုပ်ဆောင်နေပါပြီ”ဟု ၎င်းက ပြောသည်။ ယခုအခါ ရှေးဟောင်းကျုံးကို သန့်ှရှင်းရေး လုပ်ဆောင်နေပြီး ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများကိုလည်း အဆင့်ဆင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုသည်။

အဆိုပါ ကျုံးအတွင်းတွင် ငါးခုံးမ၊ ငါးဘဲ၊ ငါးမြွေထိုး၊ ငါးဖယ်၊ ထိုင်းငါးခုံးမ၊ ငါးပတ်စသော ငါးများ အရွယ်အအစား မျိုးစုံရှိကြောင်း သိရသည်။

ထိုက်ထိုက်

Leave a Reply