Advertisements

လားရှိုး၊ အောက်တိုဘာ(၁)ရက်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ (၅၃)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းနားကို ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့နှင့် ထူးချွန်စွာပူးပေါင်းဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးမှကြီးမှူးကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုခြင်းအားဖြင့် သင်တန်းတွင် ထူးချွန်အောင်မြင်ခဲ့သူ၊ မှုခင်းဖမ်းဆီးရာတွင် ထူချွန်စွာတာဝန်ထမ်းဆောင်ခဲ့သူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွာနှင့် ဆုများပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“(၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ကျင်းပတာဖြစ်ပါတယ်။ ဒီနေ့မှာ ထူးချွန်တဲ့ရဲ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပါဝင်ပေးခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ဂုဏ်ပြုလွှာနဲ့ ဆုတွေပေးအပ်တာပါ။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီခေတ်မှာ ပြည်သူတွေလက်တွဲပူးပေါင်းပါဝင်လာလို့ ရဲလုပ်ငန်းတွေ ပိုမိုထိရောက်အောင်မြင်ခဲ့တာဖြစ်ပါတယ်။’’ဟု လားရှိုးမြို့မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါးလျော့ကျရေးအတွက် တပ်မတော်နှင့် ပူးပေါင်း၍ ရှမ်းရိုးမစစ်ဆင်ရေးဆောင်ရွက်နေခြင်း၊ ပြည်သူများနှင့် လက်တွဲကာဆောင်ရွက်ခဲ့ ခြင်းကြောင့် မူးယစ်ဆေးဝါးများလျော့ကျလာရခြင်းဖြစ်ကြောင်း အဆိုပါအခမ်းအနားမှ သိရသည်။

“မူးယစ်ဆေးဝါးအန္တရယ် ရပ်တန့်သွားအောင် စိုက်ပျိုးတာတွေကိုလည်း မရှင်သန်အောင်ဆောင်ရွက်တယ်။ ပြီးတော့ မြို့ပေါ်မှာလည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ သယ်ဆောင်တာ၊ ရောင်းဝယ်တာ၊ သုံးစွဲတာတွေကိုလည်း သူ့အပိုင်းလိုက်ဆောင်ရွက်နေပါတယ်။’’ ဟု ရှမ်းပြည်နယ် ဒုတိယရဲတပ် ဖွဲ့မှူး ရဲမှူးကြီးဝင်းခိုင်က ပြောသည်။

အဆိုပါ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုသောအားဖြင့် ရဲတပ်ဝင်များမှ စုပေါင်းသွေးလှူဒါန်းခြင်း လားရှိုးမြို့ရှိ မိဘမဲ့ဂေဟာတစ်ခုတွင် အဟာရကျွေးခြင်း၊ ခြင်အန္တရယ် ကင်းဝေးစေရန် စာသင်ကျောင်းများနှင့် အဆိုပါဂေဟာပတ်ဝန်းကျင်ရှိ ခြုံနွယ်မြက်များ၊ အမှိုက်များအား ရှင်းလင်းခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

Advertisements
<

Leave a Reply