မော်လမြိုင်၊ မတ် ၃ ။ ။ ကရင်ပြည်နယ်၊ ဘားအံ-လှိုင်းဘွဲ့ကားလမ်းရှိ လာဝီလာစားသောက်ဆိုင်အရှေ့တွင် ဖေဖော်ဝါရီ ၂၆ ရက်၊ မွန်းလွဲ ၂ နာရီက လှိုင်းဘွဲ့မြို့နယ် ရဲတပ်ဖွဲ့ မော်တော်ယာဉ်ကို မျက်နှာချင်းဆိုင်လာသော ဆိုင်ကယ်တစ်စီးက ဝင်ရောက်တိုက်မိခဲ့ရာမှ မော်တော်ဆိုင်ကယ်အနောက်၌ လိုက်ပါစီးနင်းလာသူ အသက် ၁၃ နှစ်အရွယ် ကလေးငယ်မှာ သေဆုံးခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည်။

လှိုင်ဘွဲ့မြို့နယ်ရဲတပ်ဖွဲ့ မော်တော်ယာဉ်သည် လှိုင်းဘွဲ့ဘက်မှ ဘားအံဘက်သို့ မောင်းနှင်လာစဉ် ဘားအံမြို့နယ်၊ စံဖရီးကျေးရွာတွင်နေထိုင်သူ ယာဉ်မောင်း ကိုရှာလာလာနှင့် လိုက်စီးလာသူ အသက် ၁၃ နှစ်အရွယ် မောင်အောင်ဇမ္ဗူဟိန်းတို့နှစ်ဦး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်တို့ တိုက်မိခဲ့ခြင်းဖြစ်သည်။

မော်တော်ဆိုင်ကယ်သည် ၎င်းတို့အရှေ့ရှိ မော်တော်ယာဉ်တစ်စီးကို ကျော်တက်ခဲ့ရာမှ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားခဲ့ပြီး တိုက်မိခဲ့ခြင်းဖြစ်ကြာင်း ဘားအံမြို့မရဲစခန်း မှုခင်းစစ်ဆေးချက်မှတ်တမ်း၌ ဖော်ပြထားသည်။

“ကောင်လေးတွေက သူတို့ရှေ့က ကားကို ကျော်တက်တယ်၊ အဲဒီမှာ အရှိန်နဲ့ကျော်တော့ ဟိုဘက်က လာနေတဲ့ကားကို မရှောင်နိုင်တော့ဘဲ ဝင်တိုက်မိတာပါ၊ ဆိုင်ကယ်က အရှိန်ပြင်းပြင်းနဲ့ ရှေ့ကားကို ကျော်တက်တာဆိုတော့ ပိုဆိုးတာပေါ့”ဟု မျက်မြင်တွေ့ရှိခဲ့သည့် တက္ကစီအငှားယာဉ် မောင်းနှင်သူ တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မိမှုကြောင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူ ယာဉ်မောင်း ကိုရှာလာလာတွင် ဘယ်ဘက် မျက်ခုံးနှင့် ညာဘက်ဒူး ပေါက်ပြဲဒဏ်ရာများ၊ ဝမ်းဗိုက်နှင့် ခြေထောက်တွင် ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ပြီး ဆိုင်ကယ် အနောက်တွင် လိုက်ပါစီးလာသူ မောင်အောင်ဇမ္ဗူဟိန်းမှာ ဘယ်ဘက်ပေါင်ကျိုး၊ ပါးစပ်သွေးထွက် ဒဏ်ရာများဖြင့် သတိလစ်နေသဖြင့် ၎င်းတိ်ု့နှစ်ဦးကို ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲဲ့မှူးရုံး မှုခင်းမှတ်တမ်းအရ သိရသည်။

ဘားအံပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် မောင်အောင်ဇမ္ဗူဟိန်းမှာ ယင်းနေ့ ညနေ ၄ နာရီ ၂၅ မိနစ်က သေဆုံးသွားခဲ့ပြီး ၎င်းကို ဘားအံမြို့မရဲစခန်းမှ ယာဉ် (ပ) ၁၆/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၂၇၉ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းမှတ်တမ်းအရ သိရသည်။

Written by – ခေတ်မင်း

Leave a Reply