မော်လမြိုင်၊ မတ် ၄ ။ ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အနေနှင့် ဖမ်းဆီးနည်း၊ ရှာဖွေနည်း၊ ချုပ်နှောင်နည်းများကို နိုင်ငံတကာစံနှုန်းနှင့် အညီဆောင်ရွက် သွားရန် လိုအပ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုတိယ ပြည်နယ် ရဲမှူးကြီးသောင်းဝင်းက ပြောကြားသည်။

police

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျွဲခြံကုန်း၊ ဟင်္သာအဝိုင်းအနီးရှိ၊ ပြည်နယ်ရဲအကူတပ်ခွဲ (အတ္တရံ) သင်တန်းခန်းမ ဆောင်၌ မတ်လ ၄ ရက်က ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် ဖမ်းဆီးနည်းဆင့်ပွားသင်တန်းဆင်းပွဲတွင် ၎င်းက ပြောကြား ခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များအနေနှင့် ပြစ်မှုကျူးလွန်သူကိုဖြစ်စေ၊ သင်္ကာမကင်းသူကိုဖြစ်စေ လူထုအတွင်း၌ ဆူပူလှုံ့ ဆော်သူ ခေါင်းဆောင်ကို ဖမ်းဆီးရာတွင် နည်းမှန်၊ လမ်းမှန်နှင့် စနစ်တကျ ဖမ်းဆီးခြင်း၊ ရှာဖွေခြင်း၊ ချုပ်နှောင် တတ်မှသာ လုပ်ငန်းများ ထိရောက်အောင်မြင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖမ်းဆီးရာတွင် နည်းလမ်းများမသိပဲ အလျင်စလို ဖမ်းဆီးခဲ့ကြသည့်အတွက် ရဲတပ်ဖွဲ့ဝင်များ အသက်ဆုံး ရှုံးခြင်း၊ ဒဏ်ရာအနာတရရှိခြင်း ဖြစ်စဉ်များအများကြီးရှိခဲ့ကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်း တွေကို ချိုးဖောက်သလိုဖြစ်သည့်အတွက် သတိထားဆောင်ရွက်ရမှာလည်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးပြီးနောက် စုံစမ်းစစ်ဆေးပြီး တရားစွဲတင်ရမှာဖြစ်ပြီး တရားစွဲတင်ပို့ သည့် အခါတွင်လည်း ဥပဒေနှင့် အညီဖြစ်စေရန် ဥပဒေလုပ်ထုံးလုပ်နည်းများကို နားလည်တတ်ကျွမ်းဖို့ လိုသည့် အတွက် သင်တန်းတွင် ထည့်သွင်းပို့ချပေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဖမ်းဆီးနည်းဆင့်ပွားသင်တန်းကို ဥရောပသမဂ္ဂ (EU) အဖွဲ့မှ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၄ ရက်နေ့ထိ နှစ်ပတ်ကြာသင်တန်းပို့ချခဲ့ပြီး ရဲအရာရှိ ၁၀ ဦးနှင့် အခြားဆင့် ၂၀ ဦးတို့ သင်တန်းတက်ရောက်ခဲ့ ကြောင်း သိရသည်။

Leave a Reply