ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာတွင်နေထိုင်သောဒေသခံတစ်ဦးကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သည့်မွန်ပြည်သစ်ပါတီဝင်များကိုဥပဒေအရအရေးယူနိုင်ရေးအစိုးရထံလွှဲပြောင်းပေးရန် မွန်ပြည်သစ်ပါတီထံအကြောင်းကြားထားကြောင်းမွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဝင်းနိုင်ဦးကဟင်္သာမီဒီယာသို့ပြောကြားသည်။

logo-copy

ဇူလိုင် ၁၄ ရက်နေ့ ညနေ ၃နာရီအချိန်တွင် မွန်ပြည်သစ်ပါတီ၏ သထုံခရိုင် မူးယစ်နှိမ်နင်းရေးအထူးအဖွဲ့ ဝင်များသည် ကန်းနီကျေးရွာသားခြောက်ဦးကိုဖမ်းဆီးခေါ်ဆောင်သွား၍ တစ်ဦးအားသေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းမွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဝင်းနိုင်ဦးကပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီးမွန်ပြည်သစ်ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် နိုင်ဝင်းလှကိုခေါ်ယူတွေ့ဆုံခဲ့ကာဖမ်းဆီးသွားသည့် ရွာသားများကို ပြန်လွှတ်ပေးရန်နှင့် ပြစ်မှုကျူးလွန်ခဲ့သည့် မွန်ပြည်သစ်ပါတီဝင်များကိုကရင်ပြည်နယ်ရဲမှူးကြီးရုံးတွင် အပ်နှံကာ ၎င်းတို့ကိုဥပဒေလမ်းကြောင်းအတိုင်းဖြေရှင်းရန် သတိပေးပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။

“ဒီလုပ်ရပ်ကဥပဒေမဲ့ လုပ်ရပ်ဖြစ်တယ်၊ ပြည်သူလူထုကိုသေနတ်နဲ့ ပစ်သတ်တယ်ဆိုတာဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး၊ ပြင်းထန်ကန့်ကွက်ရှုံ့ချတယ်”ဟုဗိုလ်မှူးကြီးဝင်းနိုင်ဦးကဆိုသည်။

မွန်ပြည်သစ်ပါတီကဖမ်းဆီးခေါ်ဆောင်သွားသည့် ဦးအောင်မြင့်ထွန်း၊ ဦးထွန်းမြင့်၊ ဦးအပေါင်၊ ဦးစိန်ထွန်း၊ မင်းထိုက်နှင့် မင်းလင်းကိုတို့ ကိုစခန်းသို့ ဖမ်းဆီးခေါ်ဆောင်စဉ် ဦးထွန်းမြင့်မှာသေနတ် ဒဏ်ရာကြောင့် သေဆုံးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ထို့အပြင် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဇူလိုင် ၁၅ ရက်နေ့ကမော်လမြိုင်မြို့ရှိမွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးမှ တစ်ဆင့် မွန်ပြည်သစ်ပါတီဌာနချုပ်ကိုစာပို့အကြောင်းကြားခဲ့သော်လည်းလက်ရှိအချိန်အထိအကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်းမရှိသေးကြောင်း ၎င်းက ပြောကြားသည်။
မွန်ပြည်သစ်ပါတီသည် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင် ၁၄ က်နေ့အထိဥပဒေမဲ့ လုပ်ရပ်များဖြင့်သည့် ဆက်ကြေးတောင်းခံခြင်း၊ ရွာသားများကိုဖမ်းဆီးခေါ်ဆောင်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်း၊ နယ်ဘက် အုပ်ချုပ်ရေး ယန္တရားလုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်ခြင်းအပါအဝင် ဥပဒေမဲ့ လုပ်ရပ် ပေါင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြောင်းဗိုလ်မှူးကြီးဝင်းနိုင်ဦးကပြောကြားသည်။

“ကျွန်တော်တို့ သိရလောက်ဆိုအခုအချိန်အထိရွာသားတွေ မလွတ်လာသေးဘူး၊ ဘာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာသေချာမသိဘူး”ဟုကမ်းနီကျေးရွာသားတစ်ဦးကပြောဆိုသည်။

ကမ်းနီရွာလူငယ်များကမူးယစ်ဆေးဝါးသုံးစွဲသူများပြားလာသည်ဟုမွန်ပြည်သစ်ထံကမ်းနီရွာမိဘပြည်သူများက လာရောက်တိုင်တန်းမှုများသောကြောင့် မူးယစ်ဆေးဝါးရောင်းသူကိုဖမ်းရန် သွားရောက်ခဲ့ကြောင်းမွန်ပြည်သစ်ပါတီသထုံခရိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အဓိကတော့ မူးယစ်ရောင်းတဲ့သူကိုသွားဖမ်းတာ။ သွားဖမ်းတဲ့အချိန်ကရောင်းတဲ့လူက ပြန်သွားပြီးဇရပ်ပေါ်မှာမူးယစ်သုံးစွဲသူနဲ့ ဖဲကစားတဲ့သူရှိတယ်။ သူတို့က ကျွန်တော်တို့အဖွဲ့ကို မြင်တော့ ထွက်ပြေးကြတယ်။ မပြေးနဲ့လို့ ပြောတော့ သေနတ်ကိုထောင်ပစ်တာပဲ ၊ဒါမဲ့ မတော်တဆထိသွားတာ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီးမွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌ နိုင်ဟံသာကိုမည်သို့ဖြေရှင်းဆောင်ရွက်သွားမည်ကိုဟင်္သာမီဒီယာကမေးမြန်းရာတွင် ၎င်းအနေဖြင့် ယင်းကိစ္စကိုမသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ခေါ်ဆောင်သွားတဲ့ရွာသားတွေကိုတော့ ကျွန်တော်တို့ ပြန်လွှတ်ပေးပြီးသွားပါပြီး၊ သေနတ်ပစ်တဲ့ တပ်သားကတော့ အခုစခန်းကနေထွက်ပြေးသွားတယ်၊ ကျွန်တော်တို့လည်းရှာနေတုန်းပါ၊ သူ့ကိုမိတဲ့အချိန်မှ အစည်းအဝေးခေါ်ပြီးရဲစခန်းပို့မပို့ ဆုံးဖြတ်မယ် ”ဟုမွန်ပြည်သစ်ပါတီသထုံခရိုင် အတွင်းရေးမှူး နိုင်ကြီးစန်းကပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီးကရင်ပြည်နယ် ကော့ကရိတ်မြို့ ကျုံဒိုးရဲစခန်းတွင် ဥပဒေအရပုဒ်မ ၃ဝ၂ / ၃၆၄ / ၁၁၄ အရအမှုဖွင့်အရေးယူထားပြီးတရားခံကိုဖမ်းဆီးရန် စုံစမ်းနေဆဲဖြစ်ကြောင်းကျုံဒိုးရဲစခန်းထံမှ သိရသည်။

Leave a Reply