မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ ။ ။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများမှ ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်သွင်းသည့် ကိုယ်စားလှယ် ၁၆၀ ဦးကို အရည်အချင်း ပျက်ယွင်းသူအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ရာ မွန်ပြည်နယ်မှ လေးဦးပါဝင်နေခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် ကျိုက်မရောမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါ်မေဝင်းနိုင်ဦး၊ ဘီလင်းမြို့နယ် တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းလွင်၊ သထုံမြို့နယ် မွန်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးဝေနှင့် ၈၈ မျိုးဆက် ဒီမိုကရေစီပါတီမှ ဦးအောင်ဌေးတို့ ပါဝင်ကြောင်း ပါရှိသည်။

ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း တင်သွင်းခြင်းမရှိသည့် လွှတ်တော် ကိုယ်စား လှယ်လောင်းများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်တို့ကို အရည်အချင်း ပျက်ယွင်းသူများအဖြစ် သတ်မှတ် ကြေညာခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
“သတ်မှတ်ထားတဲ့ စည်းမျဉ်းနဲ့ မကိုက်ညီလို့ဖြစ်တာ ကိုယ်က တစ်ခုခု ချို့ယွင်းတော့ အရေးယူခံရမှာပဲ ကျွန်တော်တို့ မွန်အမျိုးသားပါတီအတွက် ဘာထိခိုက်မှုမှ မရှိဘူး”ဟု မွန်အမျိုးသားပါတီမှ ဒေါက်တာ မင်းကြည်ဝင်းက ဆိုသည်။

ရွေးကောက်ပွဲ အသုံးစရိတ် ပေးသွင်းရန် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီး ရက် ၃၀ အတွင်း မတင်သွင်းသည့် ကိုယ်စားလှယ်များကို အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာခြင်းဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာအောင်နိုင််ဦးက ပြောကြားသည်။

အရည်အချင်း ပျက်ယွင်းသူများအဖြစ် ကြေညာခံရသည့် လွှတ်တော်ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈၈ (ဂ) အရ ကြေညာခံရသည့်နေ့မှစပြီး လက်ရှိလွှတ်တော် သက်တမ်းအတွင်း ကျင်းပသည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာခဲ့သည်။

Leave a Reply