မွန်ပြည်နယ်အစိုးရအဖွဲ့ကရွေ့ပြောင်းအလုပ်သမားများနှင့် ရွေ့ပြောင်းအခြေချနေထိုင်သူများကိုအိမ်ထောင်စုစာရင်းထုတ်ပေးမည့် စီမံချက်ကို ပြန်လည်သုံးသပ်ပေးရန် မွန်အဖွဲ့စည်းများကမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးထံဇွန်လ ၁၀ ရက်နေ့ကလက်မှတ်ရေးထိုးတောင်းဆိုထားကြောင်းအဆိုပါ မွန်အဖွဲ့အစည်းများကပြောကြားသည်။

settle worker

“ရွေ့ပြောင်းအလုပ်သမားတွေ ဝင်လာပါက ပြဿနာတွေ အများကြီးရှိလာနိုင်တယ်၊ ရွေ့ပြောင်းတွေကိုခြောက်လနေရင် ယာယီအိမ်ထောင်စုထုတ်ပေးတယ်၊ သုံးနှစ်နေခဲ့ရင် အိမ်ထောင်စုစာရင်းထုတ်ပေးတယ်၊ မွန်ပြည်နယ်မှကဒီကိစ္စနဲ့ပတ်သက်ပြီးတရားဝင်ချပြထားတာမရှိဘူး”ဟုဦးဆောင်ပါဝင်သူညီညွှတ်သောရဟန်းပျိုများအဖွဲ့ဝင် အရှင်သဒ္ဓမ္မပါလကမိန့်ကြားသည်။

ထို့သို့ ထုတ်ပေးနေခြင်းကြောင့် ရွေ့ပြောင်းအလုပ်သမားများသည် အိမ်ထောင်စုစာရင်းများစွာရှိလာနိုင်ပြီးမွန်လူမျိုးအနေဖြင့် ထိခိုက်နိုင်မှုများရှိလာနိုင်ခြင်းကိုသုံးသပ်ပေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံစာတင်ရခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံမိန့်ကြားသည်။

ပြည်နယ်ဝန်ကြီးချုပ်ထံလက်မှတ်ရေးထိုးတောင်းဆိုထားသည့် မွန်အဖွဲ့အစည်းများတွင် ၊ ညီညွတ်သောရဟန်းပျိုများအဖွဲ့၊ အနာဂတ်ရဟန်းပျိုများအဖွဲ့၊ မွန်လူငယ်ဖိုရမ်၊ မွန်အမျိုးသားပညာရေးကော်မတီ၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်၊ ဟံသာဝတီမွန်လူငယ်အသင်းနှင့် မုဒုံမြို့နယ် မွန်လူငယ်အသင်းတို့အပါအဝင် မွန်အဖွဲ့အစည်း ၁၆ ဖွဲ့ကလက်မှတ်ရေးထိုးတောင်းဆိုထားသည်။

“ကျွန်တော်တို့ကလူမျိုးရေး အန္တရာယ်ကိုကာကွယ်ဖို့ ဖြစ်တယ်၊ ရွေ့ပြောင်းအလုပ်လုပ်တဲ့ အညာကလူတွေကဒီကိုရောက်ရင် ရာဇဝတ်မှုတွေဖြစ်တယ်၊ ကျွန်တော်တို့ နေထိုင်တဲ့ ရပ်ကွက်ကကသောင်းကနင်း ဖြစ်ရတယ်”ဟုမုဒုံမြို့နယ် မွန်လူငယ်အသင်းဥက္ကဋ္ဌ နိုင်ထွန်းမြင့်က ဆိုသည်။

ရွေ့ပြောင်းအလုပ်သမားများရောက်ရှိလာခြင်းကြောင့် မွန်ပြည်နယ်တွင် အေးချမ်းတည်ငြိမ်မှု ပျက်ပြားလာပြီးခိုးမှုများ၊ လုယက်မှုများ၊ လူသတ်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊ လိင်ပိုင်းဆိုင်ရာပြစ်မှုများနှင့် ခြိမ်းခြောက်အကျပ်ကိုင်မှုများဖြစ်ပေါ်လာကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် လာရောက်အခြေချနေသောရွေ့ပြောင်းအလုပ်သမားများနှင့် ရွေ့ပြောင်းအခြေချနေထိုင်သူများကိုနေရပ်တစ်ခုတွင် ခြောက်လကြာနေထိုင်ပြီးပါကယာယီအိမ်ထောင်စုစာရင်းထုတ်ပေးသည့် ကိစ္စနှင့် ပတ်သက်ပြီးလုပ်ထုံးလုပ်နည်းများကိုအများပြည်သူအလွယ်တကူသိရှိရန် ထုတ်ပေးခြင်းမျိုးမရှိခြင်းကြောင့် တိုင်းရင်းသားအရေးအတွက် စိုးရိမ်စရာဖြစ်နေကြောင်း နိုင်ထွန်းမြင့်က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီးလက်မှတ်ရေးထိုးတောင်းဆိုမှုကိုမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ မိတ္တူကို နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၊ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌတို့အပါအဝင် ဌာန ၁၀ခုကို ပေးပို့ထားကြောင်းအဆိုပါ အဖွဲ့အစည်းများကပြောဆိုသည်။

Leave a Reply