ပုံစာ - လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)ကို နေပြည်တော်မှာ ဇန်နဝါရီ ၁၁ က ကျင်းပစဉ်။ ဓာတ်ပုံ - ပြည်ထောင်စုလွှတ်တော်

Thursday, January 21, 2021
By ရိုးဂုဏ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုတွေကို ဖေဖော်ဝါရီ ၁ ရက်ကနေစပြီး ကြားနာတော့မှာပါ။ ဝေဖန်မှု၊ ထောက်ပြမှု၊ ကန့်ကွက်မှုတွေများစွာနဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး ပြီးသွားခဲ့ပေမယ့် သူရဲ့နောက်ဆက်တွဲကတော့ ငြိမ်သက်သွားခြင်း မရှိပါဘူး။

အလှုပ်ဆုံးကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ပါပဲ။ ရွေးကောက်ပွဲပြီးပြီးခြင်း ရွေးကောက်ပွဲရလာဒ်ကို လက်မခံနိုင်လို့ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးပါဆိုတဲ့ တောင်းဆိုချက်နဲ့ စတင်ခဲ့ပြီး မဲလိမ်၊ မဲခိုးတယ်၊ မဲမသမာမှုတွေရှိတယ်ဆိုပြီး ကန့်ကွက်လွှာတွေ တင်သွင်းခဲ့ကြတာပါ။

USDP ကပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က “ ကျွန်တော်တို့အခုပြောနေတာက ရလာဒ်တွေကို လက်မခံဘူးလို့ပြောတာမဟုတ်ဘူး။ ပြန်စိစစ်ပေးဖို့ပြောနေတာ။ မဲမသမာမှုတွေရှိနေတယ်လို့ ပြောနေတာ ” လို့ ရွေးကောက်ပွဲအပြီး တတိယအကြိမ်ပြုလုပ်တဲ့ ပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရဲအရေးပိုင်အမှု၊ UEC နဲ့သက်ဆိုင်တဲ့ အမှုတွေကို သက်ဆိုင်ရာ အဖွဲ့တွေဆီကို ပါတီအချို့က တိုင်ကြားခဲ့ကြပါတယ်။ ဒါအပြင် တရားလွှတ်တော်ချုပ်အထိ စာချွန်တော် ပေးပို့တိုင်ကြားတာမျိုးအထိ ပြုလုပ်ကြသူတွေလည်းရှိပါတယ်။

ဒီပါတီတွေထဲကမှ USDP က အင်အားကြီး အတိုက်အခံပါတီဖြစ်တဲ့ အလျောက် သူတိုင်ကြားတဲ့ အမှုတွေက အများဆုံးပါပဲ။ ပါတီရဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲဒေသတွေအလိုက် ရွေးချယ်ခံ ကိုယ်စားလှယ်တွေကို ကန့်ကွက်လွှာတင်သွင်းခြင်း၊ စခန်းမှာ အမှုဖွင့်ခြင်းတွေအပြင် မဲရုံမှူးအဖြစ် တာဝန်ယူခဲ့ကြတဲ့ ဆရာမတွေကိုလည်း အမှုဖွင့်ထားတာတွေ ရှိပါတယ်။

အခုတော့ UEC ကိုတင်သွင်းထားတဲ့ ကန့်ကွက်လွှာအမှုတွေကို ဖေဖော်ဝါရီ လဆန်းမှာ စတင်ပြီး ကြားနာတော့မှာပါ။ ဒီနေရာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကန့်ကွက်ထားတဲ့ အမှုပေါင်း ၂၆၅ မှုရှိပြီး အမှု ၄၀ က လူတစ်ဦးတည်းကို နှစ်မှုတိုင်ကြားခံရတာဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်မှုဆောင် ဦးအောင်ကြည်ညွန့်က သတင်းမီဒီယာတစ်ခုကို ဖြေကြားထားပါတယ်။ NLD ဘက်ကလည်း ပြန်လည်တိုင်ကြားထားမှုတွေ ရှိပေမယ့် အသေးစိတ်ကို မသိရှိရပါဘူး။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုတွေ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ကတော့ ရွေးကောက်ပွဲဟာ ၉၀ ရာခိုင်နှုန်းကျော် ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုပါပဲ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာကြတဲ့ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေက ရွေးကောက်ပွဲမှာ အားနည်းချက်တွေ ရှိခဲ့ပေမယ့် ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့တယ်လို့ စောင့်ကြည့်ခဲ့တဲ့ ရလာဒ်တွေအပေါ် အခြေခံပြီး သုံးသပ်ထုတ်ပြန်ထားကြပါတယ်။

ဒါပေမယ့် ဒီကိစ္စတွေကြားထဲကို တပ်မတော်ကလည်း ပါဝင်လာခဲ့ပါတယ်။ မြေပြင်အခြေအနေမှန်ကို သိရအောင်လို့ တပ်မတော်သားတွေ မဲပေးခဲ့တဲ့ မြို့နယ် ၂၀၀ ကျော်က မဲရုံတွေကို စစ်ဆေးသွားမယ်ဆိုပြီး မဲစာရင်း စိစစ်မှုတွေပြုလုပ်ခဲ့ပါတယ်။

သို့သောလည်း တပ်မတော်ဟာ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေအပေါ် ဘာမှမှတ်ချက်ပြု ကြားဝင်စရာ မလိုတဲ့အပြင် ဒီလိုမဲစာရင်းစစ်တာတွေဟာလည်း တပ်မတော်နဲ့ မသက်ဆိုင်ဘူးလို့ နိုင်ငံရေး လေ့လာသုံး သပ်ကြသူတွေနဲ့ NLD ကိုထောက်ခံကြသူတွေက ကျယ်ကျယ်လောင်လောင်ပြောနေကြပေမယ့် တပ်မတော် ကတော့ တပ်မဲရုံတွေမရှိတဲ့ မြို့နယ်တွေကိုပါ မဲစာရင်းစိစစ်တာတွေ ပြုလုပ်နေပါတယ်။

ဒီလိုစစ်ဆေးတဲ့နေရာမှာလည်း ခိုင်မာတဲ့ ရင်းမြစ်တွေဆီကရယူထားတဲ့ မဲစာရင်းတွေဖြစ်တယ်လို့ ဆိုထားပေမယ့် ဘယ်ကရရှိတယ်ဆိုတာကို ဖော်ပြခြင်းမရှိပါဘူး။ UEC ကလည်း ဒီမဲစာရင်းတွေဟာ မဲစာရင်းအမှန်တွေ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပြန်ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ ကျွန်တော်တို့က ပြောဖို့ရှိလာတဲ့အခါ ပြောနိုင်ဖို့ လုပ်စရာရှိတာကို လုပ်တဲ့သဘောပါပဲ ” လို့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အတိုက်အခံဘက်က သူတို့ဘက်မှာ တပ်မတော်ရှိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တိုင်းပြည်အာဏာသိမ်းဖို့အထိ လော်ဘီလုပ်ပြောဆိုလာကြပါတယ်။ တပ်မတော်ကလည်း USDP အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ဆိုထားပေမယ့် အနေအထားအရတော့ အမြင်လွဲစရာဖြစ်နေတာ အမှန်ပါ။

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကို တတိယအကြိမ် (၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ) ခေါ်ဆိုဖို့ စီစဉ်တဲ့အခါမှာလည်း ဒုတိယအကြိမ် နောက်ဆုံးလွှတ်တော် အစည်းအဝေး (အထူးအစည်းအဝေး) ခေါ်ဆိုပေးဖို့ဆိုပြီး တပ်မတော်ကပါဝင် တောင်းဆိုပြန်ပါတယ်။ ဒီတောင်းဆိုမှုဟာ ဥပဒေကြောင်း ကိစ္စတွေအရ မလိုအပ်ဘူးဆိုပြီး ပြည်ထောင်စုလွှတ်တော်က ပယ်ချခဲ့ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ၊ ဆောင်းပါးရှင် ဦးသီဟသွေးက “တပ်ကဘယ်ကိုသွားချင်တာလည်းဆိုတာအရေးကြီးတယ်။ သူကတစ်ဖက်မှာ သူနဲ့မဆိုင်တဲ့ အလုပ်ကိုလုပ်နေ ပေမယ့် ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုတာမျိုးလည်း မဟုတ်ဘူး။ လာမယ့်လွှတ်တော်အတွက်လည်း တပ်မတော်သား ကိုယ်စားလှယ်တွေစာရင်းပို့ထားပြီးသားလို့လည်း ကျွန်တော်တို့ သိထားပြီးသား။ ဒီတော့ ပါတီတွေရော၊ တပ်မတော်ရောက ဘာကိုဖြစ်စေချင်နေတာလဲဆိုတာကို သေသေချာချာ မမြင်ရဘူး။ ရွေးကောက်ပွဲရလာဒ်တွေကိုလည်း လက်ခံတယ် မဲမသမာမှုလုပ်ထားတယ်ဆိုပြီးတော့လည်း ပြောတယ်ဆိုတော့ သူတို့ဦးတည်ချက်တွေက မရှင်းဘူး” လို့ သုံးသပ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဖေဖော်ဝါရီမှာ ပြည်ထောင်စုလွှတ်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ တတိယအကြိမ်လွှတ်တော်ဟာ စတင်တော့မယ်လို့ ကြေညာချက်တွေ ထွက်လာခဲ့ပြီးပါပြီ။ လွှတ်တော်တွင်းမှာ ဖြေရှင်းစရာ ကိစ္စရပ်တွေကျန်နေသေးတဲ့ ကယားပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့က ဒုတိယအကြိမ် လွှတ်တော်ကို ဇန်နဝါရီလထဲမှာ ပြီးပြတ်နိုင်အောင် စီစဉ်ဆောင်ရွက်နေကြပါတယ်။

လွှတ်တော်ကနေတစ်ဆင့် အစိုးရဖွဲ့မယ့် လုပ်ငန်းစဉ်ဟာ ပထမ ငါးနှစ်သက်တမ်းရဲ့ အတွေ့အကြုံနဲ့ မြန်မြန်ဆန်ဆန်ပြီးမြောက်နိုင်မယ်လို့ ယူဆရပေမယ့် ကန့်ကွက်လွှာအမှုတွေရယ်၊ တပ်မတော်ရဲ့ခြေလှမ်းတွေရယ်၊ USDP ရဲ့ လှုပ်ရှားမှုရယ်ကြောင့် ဖေဖော်ဝါရီလအတွင်းဖြစ်ပေါ်လာမယ့် နိုင်ငံရေးအခင်းအကျင်းက  ပိုမိုရှုပ်ထွေးလာနိုင်ပါတယ်လို့ သုံးသပ်တင်ပြလိုက်ရပါတယ်။

<><><>

ပုံစာ – လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့်
လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)ကို နေပြည်တော်မှာ ဇန်နဝါရီ ၁၁ က ကျင်းပစဉ်။
ဓာတ်ပုံ – ပြည်ထောင်စုလွှတ်တော်

Leave a Reply