ရွေးကောက်ပွဲနေ့က မဲရုံတစ်ခု၏ မြင်ကွင်း

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မဲမသမာမှုများရှိနေသည်ဟု တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီက စွပ်စွဲထားသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်သည် စောင့်ကြည့်လေ့လာမှု ရလဒ်များအရ ပြည်သူ့ဆန္ဒနှင့် ကိုက်ညီမှုရှိကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့ကြသော အရပ်ဖက်အဖွဲ့အစည်း ၁၁ ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် “စောင့်ကြည့်လေ့လာမှုများအရ ရွေးကောက်ပွဲဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများ၏ အားနည်းချက်များအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ အကန့်အသတ်များကြောင့်လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် အားနည်းချက်များရှိခဲ့သည်ကို လေ့လာတွေ့ရှိပါသည်။ သို့သော်လည်း ရွေးကောက်ပွဲရလဒ်များသည် မဲဆန္ဒရှင်အများစု၏ သဘောထားနှင့်အညီ ရရှိလာသော ရွေးကောက်ပွဲရလဒ်များ ဖြစ်သည်ကို ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအနေဖြင့် တွေ့ရှိပါသည်”ဟု ဖော်ပြပါရှိသည်။

ထို့အပြင် “တပ်မတော်အပါအဝင် သက်ဆိုင်ရာနိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲရလဒ်များ ကို လက်ခံပြီး ရွေးကောက်ပွဲအလွန် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်း၍ အာဏာလွှဲပြောင်းမှုဖြစ်စဉ် ချောမွေ့ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ အနေဖြင့်လည်း အနာဂတ် ရွေးကောက်ပွဲလုပ်ငန်းစဉ် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ နိုင်ငံရေးပါတီအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါသည်”ဟု ထည့်သွင်းဖော်ပြထားသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုပြုခဲ့သည့် People’s Alliance for Credible Elections (ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့) ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က “ရွေးကောက်ပွဲဟာ ကိုဗစ်ကြောင့် လုပ်ထုံးလုပ်နည်းတွေ အားနည်းခဲ့တယ်ဆိုပေမယ့် နောက်ဆုံးထွက်လာတဲ့ ရလဒ်ဟာ ပြည်သူ့ဆန္ဒ အစစ်အမှန်ပဲ ” ဟုသာ မီဒီယာများ၏ မေးမြန်းမှုများအပေါ် အစဉ်တစိုက် ဖြေကြားခဲ့သည်။

၎င်းတို့အဖွဲ့အပါအဝင် ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွ့ဲ့များက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲအကြိုကာလအတွင်း မဲဆန္ဒရှင်စာရင်း ကြေညာပြသခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့မဲပေးခြင်း၊ ဆန္ဒမဲများရေတွက်ခြင်း စသည့်လုပ်ငန်းစဉ်တို့အပြင် မဲရလဒ်များစုစည်းသည့် လုပ်ငန်းစဉ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။

အရပ်ဖက်အဖွဲ့အစည်း ၁၁ ဖွဲ့မှာ Bago Observer Group (ပဲခူးဒေသလေ့လာစောင့်ကြည့်ရေးအဖွဲ့)၊ CAN Myanmar (လူထုရပိုင်ခွင့် ညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့)၊ Hornbill Organization (အောက်ချင်း အရပ်ဘက်လူမှုအဖွဲ့အစည်း)၊ Kadu Youth Development Association (ကဒူးလူငယ်ဖွံ့ဖြိုးရေးအသင်း)၊ Myanmar Election Observation Network -MEON (မြန်မာနိုင်ငံရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကွန်ရက်)၊ Myanmar Independent Living Initiative (မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့)၊ Myanmar Network Organization for Free and Fair Elections (မြန်ဖရယ်)၊ New Myanmar Foundation (နယူးမြန်မာဖောင်ဒေးရှင်း)၊ People’s Alliance for Credible Elections (ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့)၊ Peace and Justice Myanmar (ငြိမ်းချမ်းမျှတလူမှုအဖွဲ့အစည်း)၊ Phan Tee Eain (ဖန်တီးအိမ်)တို့ ဖြစ်ကြသည်။

Leave a Reply