ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

၂၀၂၁ ဇန်နဝါရီ ၂၆

ရွေးကောက်ပွဲရလဒ်ကို လက်ခံ၊ မခံ ဆိုသည်မှာ တပ်မတော်က စိစစ်ထုတ်ပြန်ထားသော မဲစာရင်းကွာဟချက်များကို ဖြေရှင်းပေးမှုအပေါ် မူတည်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

နေပြည်တော်တွင် ယနေ့ (ဇန်နဝါရီ ၂၆ ) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ယင်းသို့ ပြောခဲ့သည်။

သို့သော်လည်း လွှတ်တော်တက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် တပ်မတော်သားကိုယ်စားလှယ်များနှင့် ပတ်သက်၍မူ တိကျသော ဖြေကြားမှုမျိုး မရှိခဲ့ချေ။

“လွှတ်တော်တက်ဖို့အတွက်ပြင်ဆင်နေတဲ့အပိုင်းသည် သူ့အပိုင်းနဲ့သူပဲဖြစ်ပါတယ်။ သူ့ကဏ္ဍနဲ့သူပဲဖြစ်တယ်။ ဟိုအပိုင်းနဲ့ ဒီအပိုင်းနဲ့ကို ရောယှက်ပြီးတော့ တွေးလို့လည်းမရဘူးလို့ ကျွန်တော်တို့ ပြောချင်ပါတယ် ” ဟု ယင်းကပြောသည်။

ဓာတ်ပုံ – တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

တပ်က အာဏာမသိမ်းရန် အာမ မခံကြောင်းလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်ပင် ပြောကြားခဲ့ပြီး ၎င်းတို့ထုတ်ပြန်ထားသည့် မဲစာရင်း စိစစ်တွေ့ရှိချက်များနှင့် ပတ်သက်၍ အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့က ဖြေရှင်းပေးရန် တာဝန်ရှိသည်ဟု ဆက်လက်ပြောကြားခဲ့သည်။

တပ်အနေဖြင့် မဲစာရင်း ပြန်လည်စိစစ်မှုများ ပြုလုပ်လျက်ရှိပြီး ယခင်က တပ်မတော်သားများမဲပေးခဲ့သည့် မဲရုံများကိုသာ စစ်ဆေးမည်ဟု ဆိုထားသော်လည်း လက်တွေ့တွင်မူ အခြားသောမြို့နယ်များကိုပါ စစ်ဆေးမှုပြုလုပ်ခဲ့သည်။

တပ်ဘက်က၂၉ ကြိမ်အထိ ထုတ်ပြန်ထားသော မဲစာရင်းစိစစ်ချက်စာရင်းများတွင် မဲမသမာမှုဖြစ်စေနိုင်သည်ဆိုသော အရေအတွက်မှာ ၈ ဒသမ ၆ သန်းရှိကြောင်း ဖော်ပြထားသည်။

ရိုးဂုဏ်

ဓာတ်ပုံ – တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

 

Leave a Reply