ပုံစာ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များ ဩဂုတ် ၁၄ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။ ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

ရန်ကုန်၊ သြဂုတ် ၁၇
ရိုးဂုဏ်

ပဲခူးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့၌ မြို့နယ်အချက်အလက်များ ထုတ်ပြန်ရာတွင် ပအိုဝ်းလူမျိုး လူဦးရေ တစ်ဦးတစ်ယောက်မျှ မပါရှိကြောင်း ဖော်ပြထားခြင်းသည် တရားမျှတသော ရွေးကောက်ပွဲဖြစ်ကြောင်း ယုံကြည်ရန် အားနည်းစေသည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက ဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီ တွေ့ဆုံပွဲ၌ PNO ဒုတိယဥက္ကဋ္ဌ ခွန်မောင်သောင်း၏ ဆွေးနွေးတင်ပြချက် သုံးရပ်ကို ပါတီက ထုတ်ပြန်ရာတွင် ယင်းအချက် ပါရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး PNO ပါတီ အတွင်းရေးမှူးချုပ်ထံ ဟင်္သာက ဆက်သွယ်မေးမြန်းခဲ့ရာ ပါတီ ဒုတိယဥက္ကဋ္ဌ ခွန်မောင်သောင်းကိုသာ မေးမြန်းရန် လွှဲပေးခဲ့သော်လည်း ခွန်မောင်သောင်းကိုမူ ဆက်သွယ်၍ မရခဲ့ပါ။

PNO အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ကို အဓိကထားကာ နေရာ ၃၅ နေရာ၌ ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁ နေရာ၊ ကယားပြည်နယ်တွင် ၄ နေရာနှင့် မွန်ပြည်နယ်တွင် ၂ နေရာတို့မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံကြမည့် ပါတီပေါင်း ၉၃ ပါတီရှိပြီး မွန်ပြည်နယ်တွင် လက်ရှိအချိန်ထိ သိရှိရသော စာရင်းများအရ ၁၃ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

မဲစာရင်းများတွင် အမှားများနေခြင်းအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း ဝေဖန်မှုများ ရှိနေပြီး တိုင်းရင်းသားဒေသအချို့တွင် ရွေးကောက်ပွဲ ကျင်းပရန် မသေချာသေးသည့်အပေါ် နယ်မြေအေးချမ်းရေးကိစ္စများအတွက် ပါတီအချို့က တိုက်တွန်းတောင်းဆိုလျက်ရှိသည်။

တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန်မှာ နယ်မြေအေးချမ်းမှုအပေါ်တွင်လည်း မူတည်နေကြောင်း အထက်ပါတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ပြောကြားခဲ့သည်ဟု သိရသည်။

ပုံစာ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များ ဩဂုတ် ၁၄ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။
ဓာတ်ပုံ – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များ ဩဂုတ် ၁၄ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ ပါတီအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးနေဝင်း၊ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိမ်းကြည်၊ အင်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးတင့်ဆွေ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်း(ခ)ဆီဖာလာလူ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ နာယက ဦးစောထွန်းကြည်၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်၊ ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြာ၊ “၀”အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးရန်ကျော်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ ယာယီဥက္ကဌ ဦးမျိုးညွန့်၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းခိုင်၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ ဥက္ကဋ္ဌ ဦးအေးကြိုင်၊ ခေတ်သစ်ပြည်ထောင်စုပါတီ ဥက္ကဋ္ဌ ဦးအောင်သန်း၊ ဗမာပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းနိုင်၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီဥက္ကဋ္ဌ ဦးအောင်မျိုးခိုင်၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ ဒုတိယဥက္ကဋ္ဌ ဦးသောင်းဦး၊ လူထုပါတီ ဥက္ကဋ္ဌ ဦးပါစီပြည်ဟိန်း (ခ)ဦးမျိုးမင်းထွန်း၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော်၊ ပြည်သူ့အလုပ်သမားပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စန်းမူ၊ ပြည်သူ့အင်အားပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်၊ ပြည်ထောင်စုလယ်သမား၊ အလုပ်သမားအင်အားစုပါတီ ဥက္ကဋ္ဌ ဦးမင်းသူ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စိန်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး၊ အခြေခံလူတန်းစား ဘ၀မြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်တို့ ဖြစ်ကြသည်။

ပုံစာ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များ ဩဂုတ် ၁၄ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။

ဓာတ်ပုံ – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Leave a Reply