Advertisements

ရန်ကုန် ၊ နိုဝင်ဘာ ၂၃။

နိုင်ငံရေးပါတီများနှင့် ပူးပေါင် းဆောင်ရွက်မှု မရှိသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား ယုံကြည်မှု မရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ပြောရေးဆိုခွင့် ရှိသူ ဦးနန္ဒာလှမြင့်က ပြောသည်။

“တကယ့်ကို ပါတီတွေ ကရော ကျွန်တော်တို့ ကော်မရှင်က ပါတီတွေ အပေါ်မှာ တကယ့်ကို သမာသမတ် ကျကျ မှန်မှန် ကန်ကန် မျှမျှတတနဲ့ ဒီပါတီတွေ အားလုံးနဲ့ ပူးပေါင်းပြီးတော့မှ ဆောင်ရွက် သွားမယ် ဆိုရင်တော့ ကျွန်တော်တို့ ကြည့်ရ မှာပေါ့လေ။ လက်ရှိ အခြေအနေ အထိတော့ ကျွန်တော်တို့က ယုံကြည်မှု မရှိတာတော့ အမှန်ပဲ” ဟု ဦးနန္ဒာလှမြင့်က ဆိုသည်။

ယနေ့ ရန်ကုန်မြို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးတွင် ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက မီဒီယာများ၏ မေးမြန်းမှုကို အထက်ပါ အတိုင်း ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်များ ၊ ဆောင်ရွက်ချက်များ မှန်မှန်ကန်ကန်၊ မျှမျှတတ၊ သမာသမတ် ကျရန် ကော်မရှင် အနေဖြင့် နိုင်ငံရေး ပါတီများ၏ အကြံပြု ဆွေးနွေး ချက်များကို နားထောင်၍ အားနည်းချက် များကို ပြုပြင် ပြောင်းလဲ သင့်ကြောင်းနှင့် ပြည်ခိုင်ဖြိုး ပါတီ အနေဖြင့် ကော်မရှင်နှင့် တွေ့ဆုံရန် တောင်းဆို ထားသော်လည်း တွေ့ဆုံနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ဦးနန္ဒာလှမြင့်၏ ပြောဆိုချက်များနှင့် ပက်သက်၍ ကော်မရှင် ဥက္ကဌ ဦးလှသိန်းက “ပြောတော့ ဘာဖြစ်လဲ ကျွန်တော်တို့နဲ့ ဘာဆိုင် လို့လဲ။ သူ့ဟာ သူပြောတာ။ ကျွန်တော်တို့ လုပ်နည်း လုပ်ဟန် ဥပဒေ အတိုင်းပဲ ဆောင်ရွက်တာ၊ ဒါကြောင့် တစ်ခု မှလည်း တုန့်ပြန်နေမှာ မဟုတ်ဘူး” ဟု ပြောဆိုသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ကျိုင်းတုံ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သော ပြည်ခိုင်ဖြိုး ကိုယ်စား လှယ်အား NLD ကိုယ်စားလှယ်က တိုင်ကြား ထားသော အယူခံ အမှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD လွှတ်တော် ကိုယ်စားလှယ်အား နိုဝင်ဘာ ၂၂ ရက်တွင် အနိုင်ပေး ခဲ့သည်။

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) အတွက် ရွေးကောက် တင်မြောက် ခံထားရသည့် ဦးရှာမွေလရှဲန်အား ပဒေအရ ပျက်ပြယ်ကြော်ငးနှင့် ဒေါက်တာ ဝဏ္ဏစိုးမှာ ရွေးကောက် တင်မြောက်ခြင်း ခံရသူ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၂၂ ရက်နေ့က ကြေငြာ ခဲ့သည်။

၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁၉ နေရာ အနက် NLD မှ ၉ နေရာ၊ USDP မှ ၂ နေရာ ၊ SNLD မှ ၆ နေရာနှင့် ANP မှ ၁ နေရာနှင့် ANDP မှ ၁ နေရာ အသီးသီး ကိုယ်စားလှယ်များ အနိုင်ရရှိ ခဲ့သည်။

Written by ဆုမင်းကို

Leave a Reply