Advertisements

“ကတစ်၊ ကတစ်”ဟူသော အသံသည် ချောင်းဆုံဒေသခံလယ်သမားတို့အတွက် စိုးထိတ်ပူပန်မှုကို ပေးစွမ်း နေ၏။ နံနက်အစောပိုင်းနှင့် ညဉ့်ဦးပိုင်းအချိန်မျိုးတွင် လယ်ကွင်းတို့ဆီ မှာ ထိုသို့ ပျံ့နှံ့ထွက်ပေါ်တတ်သော အသံတို့ကြောင့် အိပ်မက်ဆိုးတို့ မက်ခဲ့ဖူး၍ပင်။

လယ်သမားတို့အတွက် တစ္ဆေ ခြောက်သလို ဖြစ်လေ့ရှိသော ထိုအသံ ကိုပြုသူမှာ ခန္ဓာကိုယ် လုံးဝန်းပြီး

အရောင်က နီညို၊ လိမ္မော်၊ အညို ရင့်ရင့်။ ထို့ကြောင့် သူ့ကို ရွှေခရုဟု အလွယ်ခေါ်ခဲ့ကြ၏။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် သူဖျက်ဆီးမှုကြောင့် မြန်မာတစ်နိုင်ငံ တစ်ဝှမ်းလုံးတွင်လယ်ဧကတစ်သောင်းကျော် ပျက်စီးခဲ့ရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။
သူက ပြည်ပမှ ဝင်ရောက်လာသည့် ကျူးကျော်မျိုးစိတ်တစ်ခု ဖြစ်ပြီး စပါးအထွက်နှုန်း လျော့ကျကာ တောင်သူဦးကြီးများ၏ အကျိုးစီးပွားကို ထိခိုက်အောင် ဖျက်ဆီးလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ပြည့်လုနီးပါးရှိခဲ့ချေပြီ။ သူသည် ဒေသမျိုးရင်းလည်း လုံးဝမဟုတ်ပေ။

“ဒီခရုက ရေငန်ကြောက်တဲ့အတွက် ပင်လယ်က တက်လာတာ မဟုတ်ဘူး။ ဘီလူးကျွန်းကို သံလွင်မြစ်ကြောင်းကတစ်ဆင့် မျောပါရောက်ရှိလာတယ်လို့ ဒေသခံ အများစုက လက်ခံထားကြတယ်။

နှစ်အတိအကျ မပြောနိုင်ပေမယ့် နာဂစ်ရေကြီးတာနဲ့အတူ ပါလာတယ်လို့ ယူဆကြတဲ့အတွက် နာဂစ်ခရုလို့လည်း တချို့ကခေါ်တယ်” ဟု ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာနေ လယ်သူမ ဒေါ်ဌေးကြည်က ပြောသည်။

မိုးစပါး စိုက်ဧက၏ ၃ ပုံ ၁ပုံ မှသည် တစ်ဝက်အထိ ရွှေခရုများက ကိုက်ဖြတ် စားသောက်နိုင်သည်။ စပါးပင် ပေါက်များသာမကအရွက်စိမ် းမှန်သမျှကို ချိုးဖျက်မျိုဝါးနိုင်စွမ်း ရှိသည်။

“ပျိုးထောင်ချိန်၊ စိုက်ပျိုးပြီးစအချိန်နဲ့ စပါးပင်တွေ ရေကြီးနစ်မြုပ်ပြီး ပျော့ခွေနေချိန်မှာ အများဆုံး ရွှေခရု ဖျက်ဆီးခံရတာများတယ်။ စပါးပင်သက်တမ်း ရင့်မာလာတဲ့အချိန်မှာ ဖျက်ဆီးခံရတာ နည်းပါတယ်။

ဘီလူးကျွန်းမှာ အရင်ဦးဆုံး ရွှေခရုဖျက်ဆီးတဲ့ဒဏ် ခံရတဲ့အထဲမှာ ကော့မုပွန်ကျေးရွာလည်း ပါတယ် ”ဟု ယင်းကျေးရွာသား လယ်သမားဦးတင်ကိုက သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။

ဘယ်ကလာပါလိမ့်

Golden Apple Snail ဟု စိုက်ပျိုးရေးပညာရှင်တို့က အမည်လှလှကင်ပွန်းတပ်ထားသော ရွှေခရုမှာ အချိန်ကာလ ဆယ်စုနှစ်မပြည့်သေးမီမှာပင် ဘီလူးကျွန်းအပါအဝင် မွန်ပြည်နယ်ရှိ စပါးခင်းအနှံ့အပြားကို ထိုးဖောက်မွှေနှောက်လာခဲ့ခြင်းသာ ဖြစ်သည်။

ယခင်က လယ်ကွင်းထဲ စပါးမျိုးကြဲပြီးလျှင် လေမိုး ရာသီဥတု ပြေလွင်ချောမွေ့ပါက ပျိုးပင်ပေါက်တို့ လွယ်လင့်တကူ အစို့အညှောက်ပေါက်နိုင်သေး၊ ကောင်းကောင်း ရှင်သန်နိုင်သေးသည်၊ စိတ်အေးလက်အေး နေနိုင်ခဲ့သေးသည်။ သို့သော်လည်း ယခုအခြေအနေတွင် လယ်သမား ဦးကြီးများအဖို့ လေဆင်မိုးဆင်သာ၍ ရာသီဥတု တစ်ပန်းသာသည့်တိုင် စိတ်ချမနေနိုင်ဖြစ်နေခဲ့ရသည့် အခြေ။ ရွှေခရုက အိပ်မက်ဆိုးသဖွယ် ခြောက်လှန့်သလို ကပ်ဆိုးသဖွယ် ထိတ်လန့်စေခဲ့သည်။

အကြောင်းရင်းမှာ စပါးစေ့များမှ ပျိုးပင်ကလေးတွေ ခေါင်းပြူထွက်လာသည်နှင့် ကိုက်ဖြတ်မျိုဝါးရန် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေသည့် တပ်ချီနေသော ရွှေခရုကြောင့်ပင်။

ဒင်း(သင်း)တို့ စတင်ဝင်ရောက်လာသည့်နှစ်က ပျိုးပင်ပေါက်များစွာကို ကိုက်ဖြတ်စားသောက်သဖြင့် ဘီလူးကျွန်း ဒေသခံ လယ်သမားအချို့သုံးကြိမ် လေးကြိမ်မက အပြန်ပြန်မျိုးကြဲခဲ့ရသေးသည်။
အဲဒီနှစ် မိုးစပါးရာသီ လုပ်ငန်းခွင်မှာ ၁၀ ပုံ ၁ ပုံ ကျော်ကျော်သာ ဖြစ်ထွန်းခဲ့သည်။

ကနဦးကာလတွင် ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာသော အနှီ ရွှေခရုအကြောင်း ဂဃနဏ မသိရှိ နားမလည်ခဲ့သဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်း၊ ကာကွယ်ရမည့် နည်းနာကို တီးမိခေါက်မိပင်မရှိခဲ့။ ပျက်စီးဆုံးရှုံးမှု တန်ကြေးမြင့်ခဲ့သည်ဟု ကညှော်ကျေးရွာလယ်ကွင်းမှ ဒေသခံတစ်ဦးကပြောသည်။

ဇွန်လတတိယပတ်တွင် ချောင်းဆုံမြို့နယ်ရှိ ဟင်္သာကျွန်း၊ လယ်ကွင်းအချို့သို့ ရွှေခရု ဝင်ရောက်ဖျက်ဆီးကြောင်း ဒေသခံ လယ်သမား ဦးကျော်ဝေက ပြောသည်။

“ဒီနှစ်မှာ ဟင်္သာကျွန်းက မိုးစပါးစိုက်ပျိုးပြီးသား လယ်ဧက ၂၀၀ ကျော်ကို ခရုဖျက်ဆီးဒဏ် စတင်ခံနေရပြီဖြစ်တယ်။ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်”ဟု ၎င်းငက ဆိုသည်။

နယ်လုကျူးကျော်စစ်သဖွယ်

ခရုဖျက်ဆီးတာများတဲ့အတွက် လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကဆိုရင် မိုးစပါးစိုက်ပျိုးတာ မအောင်မြင်တဲ့ လယ်သမားများရှိသည်ဟု ချောင်းဆုံသား အများစုကလည်း ဆိုသည်။

စပါးစိုက်ပျိုးရာ လယ်ကွင်းတွေအနှံ့ တပ်တောင်တာ ဗိုလ်ထုနှင့် နယ်လုလာသော ရွှေခရုတို့မှာ မျိုးပွားနှုန်းမှာလည်း မြန်ဆန်လှသည်ဖြစ်ရာ ယင်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကြီးဝယ် စိုးမိုးခြယ်လှယ်ချင်တိုင်း ချဲ့ထွင်ပြန့်ပွားလာတော့သည်ဟု ၎င်းတို့က ပြောခြင်းဖြစ်၏။

“ကညှော်ကျေးရွာပိုင် လယ်ကွင်းတွေက အတွင်းပိုင်းကျတဲ့အတွက် ခရုဖျက်ဆီးခံရတာနည်းတယ်။ ကော့မုပွန်၊ ဒေါင်းရပ်အရှေ့၊ ဒေါင်းရပ်အနောက်၊ ဘိုးနက်ကျေးရွာပိုင် လယ်ကွင်းတွေက မြစ်၊ ချောင်းနဲ့ နီးတဲ့အတွက် တစ်နှစ်လောက် စောပြီးရောက်နှင့်တယ်။ အရင်ဦးဆုံး ခရုဒဏ်ခံခဲ့ရတဲ့ ရွာတွေလည်းဖြစ်တယ်။

ရွှေခရုကမျိုးပွားနှုန်းမြန်တယ်။ ခေတ်မီဓာတုဆေးဝါးတွေနဲ့ နှိမ်နင်းပြန်ရင်လည်း ခရုအသေအပျောက် နည်းပြီး ငါး၊ ပုစွန်တွေက အသေအပျောက် များနေတဲ့အတွက် ဆေးဝါးတွေနဲ့ နှိမ်နင်းရတာ အခက်အခဲရှိတယ်။

နောက်ပိုင်းမှာ တစ်ကျွန်းလုံးနီးပါးကို ပျံ့နှံ့ရောက်ရှိလာတယ်” ဟု လယ်သူမ ဒေါ်ဌေးကြည်က ဆိုသည်။
မသေချာ မရေရာသော ဆန်စပါးဈေးကွက် အနေအထားကိုမျှ ရင်မဆိုင်ရသေးမီ ရွှေခရုဒဏ်ကို ဘုမသိ ဘမသိ လှိမ့်ပိန့်ခံခဲ့ရသည်။ သူ့ကြောင့် အပျက်ကိန်းဆိုက်၊ စရိတ်စကပိုထောင်းသလို မြွေပူရာ ကင်းအလီလီ မှောင့်သလို ဖြစ်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဝင်းနိုင်ကမူ “ပြီးခဲ့တဲ့ ၂၀၁၇ မှာတော့ ရွှေခရုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု မရှိခဲ့ဘူး” ဟု ဟင်္သာသို့ပြောသည်။

လျှာရင်းတော့မြက်

ရွှေခရုက တစ်လတစ်ကြိမ် မျိုးဥ၏။ တစ်ကြိမ် ဥလျှင် အရေအတွက် ၁၀၀၀ မှ ၁၂၀၀ ထိ ရှိသည်။ ပမာဏမနည်းလှသော အရေအတွက်ပင်။
ဥခါစတွင် ပန်းရင့်ရောင် အဆင်းရှိသည်။
အတွင်းသားမှာ နို့နှစ်၊ ပန်းရောင်၊ လိမ္မော်ရောင်ရှိပြီး အသား နူးညံ့လှ၏။

“ခရုကိုအရင်ပြုတ်တယ်။ အသားထုတ်ပြီးမှ ချက်ပြုတ်ကြော်လှော် စားကြတယ်။ ပြုတ်ထားပြီးသား ခရုအသားတွေကို ရွာဈေးမှာ ရောင်းတဲ့လူ မိသားစုက ကိုယ်တိုင်ကောက်ပြီး ခရုပြုတ်အသား တစ်ပိဿာကို ၄၀၀၀ကျပ်နဲ့ တစ်နေ့စာ တစ်နေ့ လက်လီရောင်းချတာကို တွေ့ရတယ်။ ရွှေခရုကိုလည်း အရင်က လယ်ခရုလို သဘောထားပြီး စားနေတယ်”ဟု လယ်သူမ ဒေါ်ဌေးကြည်က ဆိုပြန်သည်။

အဖျက်အမှောင့် နှုန်းမြင့်၍ ပြန်ပြောင်းပြောရဖို့ အာခေါင်ခြောက်သော ကိုယ်တွေ့တို့ ရှိခဲ့သည့်တိုင် ရွှေခရုမှာ စားကြည့်ပြန်တော့ လျှာရင်းမြက်အောင် ခံတွင်းတွေ့၊ နှုတ်မြိန်ဖွယ် ရှိနေပြန်သတဲ့၊ ဘီလူးကျွန်းဒေသခံအချို့က တစ်ညီတစ်ညွတ်တည်း ပြောဆိုကြလေသည်။

ဒေါင်းရပ်အနောက်ရွာမှ ဦးမြင့်ရွှေက “လယ်သမားအများစုက ကိုယ့်ဘာသာကိုယ် ရှာစားကြတယ်။ ဒေါင်းရပ် အနောက်က လူတွေက ရွာထဲနဲ့မုဒွန်းကျေးရွာဈေးတွေမှာ ရောင်းပါတယ်။ ခရုဈေးက ၄၀၀၀ ကျပ်အမြင့်ဆုံး ရတယ်။ ဝယ်ယူစားသုံးတဲ့ လူတွေရှိတဲ့အတွက် တစ်နေ့ ၂၀၀၀၀ ကျပ်လောက်တော့ ဝင်ငွေရပါတယ်”ဟုပြောသည်။

အစကတည်းက အစားအစာ

ထိုသို့သော အခြေအနေရှိသည့် ရွှေခရုမှာ ထိုင်ဝမ်မှသည် ၁၉၈၂ တွင် ဖိလစ်ပိုင်သို့ ပင်လယ်စာအဖြစ် ရောက်လာသည်ဟု ဆိုသည်။ ယင်းမှတစ်ဆင့် ဗီယက်နမ် ဒါနန်းဆိပ်ကမ်း၊ ဗီယက်နမ်မှသည် ကုန်းတွင်းပိုင်း လာအို၊ ထိုင်း အစရှိသည့်နိုင်ငံများဆီ အဆင့်ဆင့် သယ်ဆောင်စားသောက်ခဲ့ကြသည်။ မွေးမြူရေးလုပ်ငန်းသုံး တိရစ္ဆာန်အစာအဖြစ်လည်း ရွှေခရုကိုသုံးခဲ့သည်ဟု မှတ်တမ်းများကပြဆိုလေသည်။

၁၉၈၆ တွင် အဖျက်ပိုးအဖြစ် စတင်သိရှိခဲ့ရခြင်း ဖြစ်သည်။
မြန်မာပြည် တွင်းသို့ရွှေခရု ရောက်လာချိန်မှာလည်း အရှေ့ပိုင်းကျသော နယ်မြေ၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်များသို့ ဦးစွာ ရောက်လာခြင်းဟု သိရသည်။

သဘာဝအလျောက် ရောက်ရှိလာခြင်းမျိုး မဟုတ်ဘဲ လူတို့သယ်ဆောင်ရာမှတစ်ဆင့်သာ ရောက်လာနိုင်ကြောင်း ဝေဖန်ထောက်ပြသူများလည်း ရှိခဲ့သည်။

တောင်အမေရိက၊ ပြင်သစ်၊ ဂျာမဏီ၊ ဥရောပနိုင်ငံများတွင် ရွှေခရုမှာ အထူးဟင်းလျာအဖြစ် သတ်မှတ် စားသုံးကြသည်ဟု ဆိုသည်။

ဒါဆိုလျှင် စပါးခင်းကို ဖျက်၊ အိမ်က ထမင်းအိုးကို ခြိမ်းခြောက်နေသော ရွှေခရုကို မီးဖိုပေါ်က အိုးကင်းထဲထည့်၊ ဟင်းလျာအဖြစ် ချက်ပြုတ်ကြော်လှော် စားပစ်လိုက်ရရင် ကောင်းမည်လား။

ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာနေ ဦးတင်ကို၏ အဆိုအရ ရွှေခရုကို ဈေးကွက်တွင် တင်ရောင်းနိုင်မှုအခြေအနေကို ယခုကဲ့သို့ပြော၏။ ဈေးထဲတွင် နေ့တိုင်းစီးပွားဖြစ် ရောင်းနေနိုင်တာမျိုးတော့ မဟုတ်၊ ကြုံကြိုက်သလို ခေါင်းရွက်ဗျတ်ထိုး ရောင်းနေကြခြင်းသာဟူ၍။

“အားတဲ့အချိန်မှာ မိသားစုဝင်များတဲ့ လူတွေက ခရုလည်းပြုန်း၊ ဝင်ငွေလည်းရအောင် လယ်ကွင်းထဲမှာ လိုက်ကောက်ပြီး ပြုတ်ရောင်းတာမျိုးလောက်ပါ။ တစ်နေ့ အများဆုံး သုံးလေးပိဿာလောက်တော့ ဈေးထဲမှာ အရောင်းအဝယ်ရှိပါတယ်။

လယ်ခရုလို ကျယ်ကျယ်ပြန့်ပြန့်တော့ မစားကြဘူး” ဟု ဦးတင်ကိုကဆိုသည်။
“မိုးရာသီမှာ ကုန်ကြမ်းခရုတော့ အလုံအလောက်ရှိတယ်။ ဈေးကွက်က ကျယ်ကျယ်ပြန့်ပြန့် မရှိတာပါ” ဟု၎င်းက ပြောပြသည်။

ချောင်းဆုံသား ဦးအေးကြူကမူ လူတွေလည်းစားသုံးနိုင်၊ ဘဲစာလည်း လုပ်လို့ရသည့် ရွှေခရုဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် ရှိလာလျှင်မူ ထိရောက်သော ခရုနှိမ်နင်းရေးအတွက် အခွင့်ကောင်းတစ်ရပ် ဖြစ်ကောင်း ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပေး၏။

ရွှေခရုကို ယင်းသို့ စားသောက်ခြင်းနှင့်ပတ်သက်၍ မာလာမြိုင်ကုမ္ပဏီလိမိတက်မှ လယ်ယာစိုက်ပျိုးရေးနှင့် ဥပဒေအကြံပေး ဦးသန်းဝင်းက ရုပ်သံမှတစ်ဆင့် ယခုလို ဟောပြောထားသည်။

ရွှေခရုအသားတွင် ကာဗိုဟိုက်ဒြိတ်၊ အဆီ၊ ပရိုတိန်း(အသားဓာတ်)စသည်တို့ ကြွယ်ဝစွာ ပါဝင်သည်။ ယင်းအပြင် ဓာတ်သတ္တုအဖြစ် မီးစုန်း၊ ပြာ၊ ပိုတက်ရှ် စသဖြင့် အာဟာရဓာတ် စုံစုံလင်လင်လည်း ပါသည့်အတွက် စားသောက်ရန် အင်မတန် တန်ဖိုးရှိသည့် အာဟာရဟူ၍ပင်။

သို့သော် အနှီ ရွှေခရုမှာ လတ်တလောတွင် ဈေးကွက်၌ ဟိုတယ်၊ စားသောက်ဆိုင် မဆိုထားနှင့် အကင်ဆိုင်တွင်ပင် နေရာမိန့်မိန့် မယူနိုင်သေး။ ထို့ကြောင့် အစားအစာအဖြစ်သုံး၍ နှိမ်နင်းနိုင်မည့် အရေးမှာ သေချာလှသည်တော့မဟုတ်ပါ။

ဘီလူးကျွန်း၊ မရမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ငွေကတော့ မရမ်းကျေးရွာဒေသခံများအနေဖြင့် ရွှေခရုကို ဘယ်လိုစားသုံးရမယ်၊ ဘယ်မှာရောင်းချရမယ်ဆိုတာအပြင် ရွှေခရုကို နှိမ်နင်းနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေကို ရှာဖွေနေဆဲဖြစ်ကြောင်း ပြောသည်။

မအောင်မြင်သည့် ခုခံမှုအချို့

မာလာမြိုင်ကုမ္ပဏီလိမိတက်မှ လယ်ယာစိုက်ပျိုးရေးနှင့် ဥပဒေအကြံပေး ဦးသန်းဝင်းက “လယ်ကွက်ထဲ ရေ အဝင်အထွက်ပေါက်၊ ကတွတ်ပေါက်တွေကို ဇကာနဲ့ လိုက်ပိတ်၊ ခြင်ထောင်စလိုမျိုးပိုက်စိပ်လိုမျိုး၊ တတ်နိုင်ရင် Copper ကြေးဇကာနဲ့သာ ပိတ်၊ ခရုက ကြေးနီဆို ကြောက်တယ်” ဟု ပြော၏။ သို့သော် ခရုအားမနှိမ်နင်းနိုင်သေး။
“ထွန်ယက်တဲ့အခါ ထယ်ရေး နက်နက်ထိုးကြ။ ခရုက မြေအောက်မှာ ခြောက်လအထိ ခိုအောင်းနိုင်တယ်” ဆို၍ လည်းလယ်သမားတို့ လိုက်လုပ်ကြည့်သည်။ ခရုကိုကား အံမတုနိုင်သေး။

“ကွန်ပေါင်းမြေသြဇာကို ယူရီးယားနဲ့ စပ်၊ သတ်မှတ်အညွှန်းအတိုင်း လယ်ကွင်းထဲထည့်။ ငါးဆယ်ရာနှုန်းလျော့ကျမယ်”၊ “တစ်ဧကကို ထုံးပိဿာချိန် ၁၀၀၊ ၁၅၀ ထိ ကျဲပေးလိုက်ရင် ခရုဒဏ် သက်သာမယ်” ဟုဆိုပြန်သဖြင့် စမ်းကြပြန်၏။

သို့သော် ဒီနည်းကလည်း အားရကျေနပ်ဖွယ် ရလဒ်မထွက်ပြန်။
“အကျယ် ဆယ်လက်မ၊ အနက် ၂လက်မ မြောင်းလေးတွေ ကန်သင်းပတ်လည်ဖော်၊ ရေလျှော့ချ။ မြောင်းတွေမှာ ခရုတွေ လာစုကြလိမ့်မယ်။

ကောက်ယူလွှင့်ပစ်ဖျက်ဆီးထုချေပစ်” ဆိုရာတွင်လည်း လက်မောင်းသာ အောင့်ပြီးရင်းအောင့်သော်လည်း ခရု ပြန့်ပွားနှုန်းက ဘာမထီ။

“လယ်ကွင်းထဲ ဘဲတွေသာ လွှတ်ကျောင်း၊ ခရုဟာ ဘဲစာပဲ” ဆိုသော်လည်း ဘဲကောင်ရေကနည်းသလား၊ စားသောက်နှုန်း နိမ့်သလားတော့မသိ၊ခရုလျော့ကျမှုထင်တိုင်းမပေါက်ခဲ့ပြန်။

ချောင်းဆုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဝင်းနိုင်ကတော့ ရွှေခရုဘေး မသင့်စေရန် ဒေသရှိလယ်သမားများနှင့် စိုက်ပျိုးရာသီခွင် မတိုင်မီရော အတွင်း၌ပါ စဉ်ဆက်မပြတ် ထိတွေ့ဆက်သွယ်ဆောင်ရွက် ပေးနေသည်ဟု ဆိုသည်။

လတ်တလောကာလတွင် ခရုကြိုတင်ကာကွယ်ရေး အကြံပြုချက်များ၊ သတိပေး ပညာပေးချက်များ လုပ်ဆောင်ထားကြောင်း သိရသည်။ ခရုဖျက်ဆီးမှု နည်းပါးစေရန် ပျိုးနုတ်ပြန်စိုက်စနစ်အစား ကြဲခင်းစနစ်ကို ပြောင်းလဲစိုက်ပျိုးရန် ဦးဝင်းနိုင်ကအကြံပြုသည်။

သို့ရာတွင် ဒေသခံအချို့ကမူ ကြဲခင်းစနစ်မှာ ခရုဒဏ်သာမက စိုက်ပျိုးစရိတ်ပါ သက်သာသည် မှန်သော်လည်း စပါးထွက်နှုန်းတွင် သိသာစွာလျော့ကျ၍ အသုံးပြုရန် လက်နှေးနေဆဲပင်။ ထို့ကြောင့် ပျိုးနုတ်ပြန်စိုက်စနစ်ကို တွင်ကျယ်စွာ အသုံးပြုနေသော နယ်မြေအချို့က ရှိနေ၏။

“ဌာနအနေနဲ့ ရွှေခရုနဲ့ပတ်သက်လာရင် အကြံပြုတာ၊ အသိပညာပေးတာ လမ်းညွှန်တာလုပ်ပေးပါတယ်။ ကြဲခင်းစနစ် ပြောင်းလိုက်ရင်တော့ ခရုဒဏ်က လျော့ကျနိုင်တယ်” ဟု ဦးဝင်းနိုင်က ဆိုသည်။

ကွန်ပေါင်းမြေသြဇာကို ယူရီးယားနှင့် တွဲစပ်၍ တစ်ဖုံ၊ ထုံးဖြူး၍ တစ်နည်း၊ မက်တယ် ဒီဟိုဒ်၊ ဒီကလိုစာမိုက်၊ ကော့ပါးဟိုက်ဒြောဆိုဒ်၊ ကာဗိုဖျူရမ်တို့အပြင် ဆေးရွက်ကြီး၊ ငရုတ်မှည့်၊ တမာရွက်စသည့် သဘာဝနည်းတို့ သုံးကြသော်လည်း ရွှေခရုဒဏ်မှလုံးဝလွတ်ကင်းရေး အဖြေမူကားချောင်းဆုံမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဒေသခံများထံ၌ မရှိသေးပေ။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply