မော်လမြိုင် မတ်

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစ၍ မွန်ပြည်နယ်တွင် ရွှေဈေး မငြိမ်မသက်ဖြစ်ခဲ့ပြီး ယခု သီတင်းပတ်တွင် ရွှေဈေးများ ပြန်လည်ကျဆင်းနေကြောင်း မော်လမြိုင်မြို့ခံ ရွှေဆိုင်ပိုင်ရှင် တစ်ဦးထံမှ သိရသည်။

ရွှေဈေးမငြိမ်မသက်ဖြစ်နေခြင်းမှာ ကမ္ဘာ့ရွှေဈေးနှင့် စပ်ဆိုင်ပြီး ဒေါ်လာဈေးများ ကျဆင်းလာသည့်အတွက် ရွှေဈေးပါ လိုက်ပါကျဆင်းလာကြောင်း မော်လမြိုင်ရှိ ရတနာမြင့်မိုရ် ရွှေဆိုင်ပိုင်ရှင် ကိုဇင်မင်းသိန်းက ပြောသည်။

“ဒေါ်လာဈေးကျတော့ ရွှေဈေးလည်းလိုက်ကျတာပေါ့ ။ မီးလင်း တစ်ကျပ်သား ဆယ်သိန်းလေးသောင်းခွဲ ၊ ပြီးခဲ့တဲ့ အပတ်က ဆယ်သိန်းရှစ်သောင်းလောက်ထိတက်သွားတယ်”ဟု ၎င်းက မတ်လ ၈ ရက်တွင် ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် မီးလင်းရွှေ တစ်ကျပ်သား ပေါက်ဈေးမှာ ကျပ် ၁,၀၈၀,၀၀၀ ခန့်အထိမြင့်တက်ခဲ့ပြီး ၁၅ ပဲရည်မှာလည်း ကျပ် ၉၈၀,၀၀၀ ခန့်အထိမြင့်တက်ခဲ့သည်။

ယခုမတ်လ ပထမပတ်တွင် မီးလင်းရွှေ တစ်ကျပ်သားမှာ ၁,၀၄၅,၀၀၀ ခန့်အထိပြန်လည်ကျဆင်းကာ ၁၅ ပဲရည်မှာ ကျပ် ၉၄၀,၀၀၀ လောက်ပြန်လည်ကျဆင်းနေကြောင်းသိရသည်။

“ယခုလက်ရှိ ရန်ကုန်ရွှေဈေးမှာ မီးလင်းရွှေ တစ်ကျပ်သား ၁,၀၅၄,၀၀၀ ရှိပြီး ၁၅ ပဲရည်မှာ ၉၈၅,၀၀၀ ရှိနေတယ်” ဟု ရန်ကုန်မြို့ရှိ သိန်းစိန်ရွှေဆိုင်ထံမှ သိရသည်။

လျှမ်းထက်

Leave a Reply