ရွှေဈေး အမြင့်နှုန်း ပြန် ရောက်

မော်လမြိုင် နိုဝင်ဘာ

မွန်ပြည်နယ်တွင် ယခုတစ်ပတ်အတွင်း ရွှေဈေးနှုန်းများ အမြင့်နှုန်းသို့ပြန်လည်ရောက်ရှိနေသည်ဟု မော်လမြိုင်မြို့ရှိ ရွှေဆိုင်များထံမှ သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် မီးလင်း တစ်ကျပ်သား ၁၀၃၅၀၀၀ ကျပ်နှုန်းဖြင့် အမြင့်ဆုံးသို့ပြန်လည်ရောက်ရှိနေကြောင်း ရတနာမြင့်မိုရ်ရွှေဆိုင်က ကိုဇင်မင်းသိန်းကပြောသည်။

“ဒေါ်လာတက်သွားတော့ ရွှေဈေးပြန်တက်သွားတယ်။ ပြီးခဲ့တဲ့အခေါက်က တက်ခဲ့တဲ့ နေရာပြန်ရောက်နေပြီ” ဟု ၎င်းကဆိုသည်။

လွန်ခဲ့သောလတွင် အစိုးရ၏ အဖမ်းအဆီးများကြောင့် ရွှေဈေးနှုန်းကျဆင်းခဲ့သော်လည်း ငွေဈေးပြန်လည်မြင့်တက်လာသဖြင့် ယခုအမြင့်ဆုံးဈေးနှုန်းသို့ ပြန်လည်ရောက်ရှိလာကြောင်း ၎င်းကပြောသည်။

ကမ္ဘာ့ရွှေဈေးကျဆင်းလာသည့်တိုင် မြန်မာနိုင်ငံတွင် ရွှေဈေးမှာ ၁၀ သိန်းအောက်သို့မကျနိုင်ဘဲ ၁၀ သိန်း ၇ သောင်းအထိ ဆက်လက်မြင့်တက်နိုင်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

လက်ရှိဈေးကွက်တွင် ဝယ်လိုအားကြောင့် ရွှေများရှားပါးလျက်ရှိပြီး ယခုကဲ့သို့ ဈေးနှုန်းမြင့်ချိန်တွင်ပင် ရောင်းသူထက် ဈေးအတက်ကိုမျှော်လင့်ပြီးဝယ်သူကပိုများသည်ဟု ၎င်းကပြောသည်။

“လူတချို့က ရွှေထွက်ဝယ်တဲ့ ပုံစံဖြစ်နေတယ်။ ရွှေထွက်သလောက် အပြင်မှာ ရွှေမရှိတော့ဘူး။ ရွှေကဈေးကွက်ထဲမှာ ရှားနေတယ်။ အဲဒီတော့ ဈေးတင်ရောင်းသလိုဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်ရွှေဈေးကွက်တွင် အောက်တိုဘာ ၁၁ ရက်နေ့မှစ၍ မီးလင်းတစ်ကျပ်သား ၁၀၂၀၀၀၀ ကျပ်မှ တဖြည်းဖြည်းမြင့်တက်ခဲ့ရာ နိုဝင်ဘာလ ၂ ရက်နေ့တွင် ၁၀၃၅၀၀၀ ကျပ် သို့ အမြင့်ဆုံး ပြန်လည်ရောက်ရှိနေသည်။

နိုဝင်ဘာ ၂ ရက်၌ ကန်ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် ကျပ်ငွေ ၁၆၁၀ အထိ ပေါက်ဈေးရှိနေသည်။

စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.