ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၆ ။ ။ ရန်ကုန် – ဘားအံ ခရီးသည်တင်ယာဉ်လိုင်းရွှေမြန်မာ အဝေးပြေး မှန်လုံယာဉ်တွင် လိုက်ပါလာသော ခရီးသည် ဒေါ်မြရီထံမှ ရွှေထည်ပစ္စည်း သိန်း ၈၀၀ ကျော်ဖိုး ခိုးယူသူများကို ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ သိရသည်။
အဆိုပါ ရွှေထည်ပစ္စည်း သိန်း ၈၀၀ ကျော်ဖိုး ခိုးယူသွားသော ဦးခင်ဇော် (ခ) ဝက်ကြီး၊ ဦးငမျိုး (ခ) ကျော်ဇေယျနှင့် ငဖား (ခ) ဇော်လင်း တို့ကို ခြောက်လကျော်အကြာတွင် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်။

ဒေါ်မြရီသည် ဘားအံမြို့တွင် ရွှေထည်ပစ္စည်းများရောင်းချရန် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့မှ ဘားအံသို့ ရွှေမြန်မာမှန်လုံယာဉ်ဖြင့် စီးနင်းလိုက်ပါပြီး ခုံအမှတ် (၃၉/၄၀)တွင် ရွှေထည်ပစ္စည်းများ ထည့်ထားသည့် ခရီးဆောင်အိတ်အား ခုံတန်းခြေရင်းတွင်ထားရှိပြီး အိပ်ပျော်နေစဉ် ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကျိုက်ထိုမြို့မ ရဲစခန်းတာဝန်ရှိသူများက ဆိုသည်။

ယင်းသို့ အိပ်ပျော်နေစဉ် ဒေါ်မြရီ ထိုင်နေသောထိုင်ခံ၏အနောက်ဘက်တွင် အမျိုးသား သုံးဦးထိုင်နေပြီး အိပ်ပျော်ရာမှ နိုးလာစဉ် ရွှေထည် ပစ္စည်း သိန်း၈၀၀ကျော်ဖိုး ပျောက်ဆုံးကာ အဆိုပါ အမျိုးသားသုံးဦးလည်း မော်တော်ကားပေါ်တွင်မရှိတော့ကြောင်း အဆိုပါရဲစခန်း၏ မှတ်တမ်းများအရ သိရှိရသည်။
ဒေါ်မြရီ၏ နောက်ထိုင်ခုံတွင် လိုက်ပါလာသော ခရီးသည် သုံးဦးမှာလည်း မတွေ့ရှိရတော့သဖြင့် ကျိုက် ထိုမြို့မရဲစခန်းတွင် ဒေါ်မြရီက ဥပဒေအရ အရေးယူပေးရန် တိုင်ကြားလာသဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၃ ရက် ညတွင်းချင်း (ပ) ၁၇၃/၂၀၁၅၊ ပြစ်မှုပုဒ်မ – ၃၈၀ ဖြင့် အမှုဖွင့်လှစ်ပေးခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

ထို့နောက် ခြောက်လအကြာတွင် အောင်လံရဲစခန်းမှ ပုဒ်မ – ၃၇၉ အမှုဖြင့် ထောင်ဒဏ်ကျခံနေရာမှ ထွက်ပြေးနေသော ရဲဘက်ပြေး ဦးခင်ဇော် (ခ) ဝက်ကြီးအား ဖမ်းဆီးရမိသည့် သတင်းအား ဓါတ်ပုံနှင့် တကွ ရဲဇာနည်(ဖေ့ဘုတ်အကောင့်)၌ ဖေဖေါ်ဝါရီ ရ ရက်နေ့က တင်ထားသည့်ကို တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ရဲဘက်ပြေး၏ ပုံသဏ္ဌာန်မှာ ရွှေမြန်မာမှန်လုံယာဉ်နောက်လိုက် ထွက်ဆိုချက်အရ အခင်းဖြစ်စဉ် မသင်္ကာသူတစ်ဦး၏ ပုံသဏ္ဌာနှင့် တူနေသည်ကို တွေ့ရှိ ခဲ့ပြီး ရွှေထည်ပစ္စည်း သိန်း ၈၀၀ ကျော်ဖိုးပျောက်ဆုံးသွားသော ဒေါ်မြရီအား တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်း၏ ခုံနောက်တွင် ထိုင်နေခဲ့သူနှင့် တူနေကြောင်း ကျိုက်ထိုမြို့မရဲစခန်း မှတ်တမ်းအရ သိရသည်။

ရဲဘက်ပြေး ဦးခင်ဇော် (ခ) ဝက်ကြီးအား အမှုနှင့် ပတ်သက်၍ ဆက်စပ် စစ်ဆေးခဲ့ရာ ၎င်းက ကျူးလွန်ကြောင်း၊ အခင်းဖြစ်ချိန်တွင် ၎င်းနှင့် အတူ ငဖား (ခ) ဇော်လင်းတို့နှင့် အတူ ည ၈နာရီအချိန်တွင် မှန်လုံကား စီးလာခဲ့ကြောင်း တစ်နာရီခန့်အကြာ ရှေ့ထိုင်ခုံတွင် အိပ်နေသော အမျိုးသမီးတစ်ဦး၏ အိတ်ထဲမှ နှိုက်ယူခဲ့ပြီးနောက် ပဲခူးတိုးဂိတ်တွင် ကားပေါ်မှဆင်းပြီးနောက် တိုက်ကြီးရှိ ငမျိုး (ခ) ကျော်ဇေယျ အိမ်တွင် ဝေစုခွဲခဲ့ကြောင်း ၎င်းထံမှ ဖော်ထုတ်စစ်ဆေးနိုင်ခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်း၏ ရဲမှတ်တမ်းတွင် ဖေါ်ပြထား သည်။

ထိုသို့ စစ်ဆေးပေါ်ပေါက်ချက်အရ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်၌ တိုက်ကြီးမြို့နယ် ရွာတန်းရှည်ကျေးရွာတွင် ငမျိုး (ခ) ကျော်ဇေယျ ကို ၎င်း၏ နေအိမ်မှ လည်းကောင်း၊ ယင်းနေ့ ည ၈ နာရီခွဲ အချိန်တွင် ငဖား (ခ) ဇော်လင်း ကို မှော်ဘီမြို့၊ ရဲဘော်ကုန်းစျေးတွင်လည်းကောင်း၊ ဖမ်းမိခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်း၏ ရဲမှတ်တမ်းတွင် ပါရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပက်သတ်၍ ဦးခင်ဇော် (ခ) ဝက်ကြီး၊ ဦးငမျိုး (ခ) ကျော်ဇေယျနှင့် ငဖား (ခ) ဇော်လင်း တို့အား ကျိုက်ထိုမြို့မရဲစခန်းတွင် ချုပ်မိိိန့်တောင်းခံပြီး အမှုနှင့် ပတ်သက်၍ ဆက်လက်စစ်ဆေးကာ သက်သေခံ ပစ္စည်းများ ရရှိရန် ဆောင်ရွက်နေကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ သိရသည်။

Leave a Reply