မော်လမြိုင် ၊ မေ ၁၇

မော်လမြိုင် မြို့ ရှိရွှေမြိုင်သီရိ ဈေးကို အသစ်ပြန်လည်တည်ဆောက်မည့် အစီစဉ်အား စျေးသူစျေးသားများ၏ သဘောဆန္ဒများပါဝင်ခြင်းမရှိသောကြောင့် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ရွှေမြိုင်သီရိ စျေးသူစျေး သားများ ကပြောကြားသည်။

“ကျွန်မတို့ကိုပြည်နယ်အစိုးရအဖွဲ့ ကြိုတင် အကြောင်းကြားခြင်းမရှိပါဘူး၊စျေးတာဝန်ခံကိုမေးတော့လဲ မသိပါဘူးတဲ့” ဟု စျေးထဲ ကုန်စုံရောင်းသူ မအေးအေးမင်းက ပြောသည်။

မော်လမြိုင်၊ရွှေမြိုင်သီရိစျေးကို စျေးသူစျေးသားများက ၁၉၉၅ခုနှစ် အစိုးရထံမှ လေလံစနစ်ဖြင့် ဝယ်ယူခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၆၉ခန်းဖြင့် ဈေးဖွင့်လှစ်ရောင်းချနေခြင်းဖြစ်သည်။

“သုံးကြိမ်သုံးခါရှိပြီ ဒီစျေးကို အိမ်ပေါင်ပြီး လေလံဆွဲနေရတာ ဒါကြောင့် မဆွဲချင်တော့ဘူး”ဟု မသန်းမြင့်က ပြောသည်။

လွန်ခဲ့သော ၂၄နှစ်ကလည်း စျေးအသစ်တည်ဆောက်ခြင်းကို အကြောင်းမကြောင်းဘဲ တည်ဆောက်ပြီး စျေးသူစျေးသားများက လေလံစနစ်ဖြင့် ဝယ်ယူခဲ့ကြရသည် ဟု ယင်းဈေးတွင် အထည်ဆိုင်ဖွင့်လှစ်ထားသည့် မကြီး ဆိုသည်။

ယင်းဈေး ကို အသစ်ပြန်လည်တည်ဆောက်ခြင်း မပြုလုပ်ရန် ဈေးသူဈေးသား ၁၂၉ ဦးလက်မှတ်ရေးထိုး ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်ထံ ကန့်ကွက်စာ ပေးပို့တင်သွင်းထားကြောင်း ဈေးသူဈေးသားများ ထံမှသိရှိရသည်။

ထပ်မံ၍ မေလ ၁၅ ရက်နေ့ကလည်း ဈေးတည်ဆောက်ခြင်းမပြုရန် မွန်ပြည်နယ် လွှတ်တော် ၏ တိုင်ကြား စာနှင့် အသနားခံစာ ကော်မတီထံ ဈေးသစ်တည်ဆောက်ခြင်း စီစဉ်ဆောင်ရွက်နေသူများကို စီစစ်အရေး ယူပေးရန် တိုင်ကြား ထားကြောင်း ဈေးသူဈေးသားများ ၏ အဆိုအရသိရှိရသည်။

ရန်လင်းအောင်

Leave a Reply