ရွှေယဉ်မျှော် ဂေါပကအဖွဲ့ကို ပြည်နယ်အစိုးရတာဝန်ရှိသူများ ဦးဆောင်မှုဖြင့် ပြန်လည်ရွေးချယ်မည်ဟု ပြည်နယ်သာသနာရေးဝန်ကြီးပြော

ဘားအံ ၊ မတ်

ဘားအံမြို့ရှိ ရွှေယဉ်မျှော်စေတီ ဂေါပကအဖွဲ့သစ်ကို စနစ်ကျပြီး သန့်ရှင်းသော ဂေါပကနှင့် ဘုရားပရဝုဏ်အဖြစ် အများပြည်သူအရှေ့တွင် ပြည်နယ်အစိုးရက ဦးဆောင်ကာ ပြန်လည်ရွေးချယ်တင်မြှောက်ဖွဲ့စည်းသွားမည်ဟု ပြည်နယ်သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းက ဖေဖော်ဝါရီ ၂၇ ရက်က ပြောဆိုလိုက်သည်။

“အခုတလောက တိုင်းရင်းသားစာပေကိစ္စ၊ ထိုင်း မြန်မာ သံဃာတော် အပါး ၃၀၀၀ ဆွမ်းဆန်စိမ်းလောင်းပွဲကိစ္စတွေ စီစဉ်နေတော့ ဂေါပကရွေးတယ်ဆိုတာကို မြို့နယ်ထွေအုပ်ကနေ ဆိုင်းငံ့စာ ထုတ်ထားတယ်။ အခု အဲဒီကိစ္စတွေ ပြီးပြီ။ ရွှေယဉ်မျှော်ဘုရားကိစ္စကို လုပ်ဖို့ ပြင်ဆင်နေတယ်။ သူတို့လုပ်နေတဲ့ကိစ္စတွေကို သေသေချာချာရှင်းလင်းပြီးတော့ အဘတို့ ပြည်နယ်အစိုးရအနေနဲ့ သန့်ရှင်းပြီး စနစ်ကျတဲ့ ဂေါပက အဖွဲ့၊ သန့်ရှင်းပြီး စနစ်ကျတဲ့ ဘုရားပရဝုဏ်ဖြစ်အောင် ဌာနဆိုင်ရာတွေရော အများပြည်သူတွေပါ စုံစုံညီညီနဲ့ ရွေးချယ်တင်မြှောက်ပြီး တိုးတက်သာယာအောင် လုပ်ဆောင်စေမယ်”ဟု ပြည်နယ်ဝန်ကြီးက ဆိုသည်။

ဂေါပက၊ အလုပ်အမှုဆောင်အဖွဲ့ဝင်အသစ်ပြန်လည်ရွေးချယ်ပွဲကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီ၁၈ရက်နေ့က အဆိုပါစေတီ၌ ကျင်းပခဲ့ရာ လေသာကျောင်းဆရာတော်က စီစဉ်ထားသည့် ဂေါပကအဖွဲ့ဝင်သစ် အမည်စာရင်းကို ဖတ်ပြခဲ့ကြောင်း၊ ဂေါပကအတွင်းရေးမှူးနေရာတွင် ဦးတင်လှိုင်အား ဆက်လက်ပါဝင်ခန့်ထားခြင်းအပေါ် တက်ရောက်လာသော မြို့ခံအချို့က ကန့်ကွက်သည့်အတွက် အချေအတင်စကားများခဲ့ကြကြောင်း၊ လေသာကျောင်းဆရာတော်က ဂေါပကအသစ်ဖွဲ့စည်းခြင်းကို ပယ်ဖျက်ပြီး ယခင်လူဟောင်းများအတိုင်းသာ ထားရှိဆောင်ရွက်စေမည်ဟု ပြောဆိုသည့်နောက်ပိုင်း ဂေါပကရွေးချယ်ခြင်းကို ဆိုင်းငံ့ထားရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ အကြောင်းကြားစာပို့ထားစေခဲ့ကြောင်း ပြည်နယ်သာသနာရေးဝန်ကြီးက ပြောသည်။

ဂေါပကအဖွဲ့ကို ကန့်ကွက်သူ မြို့ခံများက ရွှေယဉ်မျှော်ဘုရားနှင့်ပတ်သက်၍ အများပြည်သူပိုင်နှင့် လေသာကျောင်းပိုင် ကွဲပြားစွာ သိရှိလို၍ မေးမြန်းခဲ့ရာ လေသာကျောင်း လက်ရှိ တိုက်အုပ်ဆရာတော် ဦးဉာဏိဿရက ရွှေယဉ်မျှော်ဘုရားသည် အများပိုင်နာမည်ပေါက်မဟုတ်ကြောင်း၊ လေသာကျောင်းတိုက်ဘုရားဖြစ်ကြောင်း၊ မြို့ပြမြေပုံတွင် အစိမ်းရောင်အမှတ်အသားဖြင့် လေသာကျောင်းမြေ၏ တစ်ဆက်တစ်စပ်တည်း သာသနာ့နယ်မြေအဖြစ် ၁၉၅၈ခုနှစ် ဝန်ကြီးချုပ်ဦးနုလက်ထက်က သတ်မှတ်၍ ထိုစဉ်က လေသာကျောင်းဆရာတော်ကြီး အရှင်စန္ဒောဘာသထံ ဆက်ကပ်လှူဒါန်းထားသည်ဟု သိရှိရကြောင်း မိန့်ဆိုသည်။

“သူတို့က လေသာကျောင်းတိုက်ပိုင်ဘုရားလို့ ပြောတယ်ဆိုတော့ မရှင်းဘူး ဖြစ်နေတယ်။ လေသာကျောင်းတိုက်နဲ့ ရွှေယဉ်မျှော်ဘုရားကြားထဲမှာ လှေဆိပ်ဆင်းတဲ့လမ်း ရှိတယ်။ သူက ဘုရားနဲ့ ကျောင်းတိုက်နဲ့ကို ခြားထားတယ်။ နောက်ပြီး လူနေဆိုင်ခန်းတွေက ဘုရားဘက်မှာရော လေသာကျောင်းတိုက်ဘက်မှာရော ဆောက်ထားတယ်။ ဆိုင်ခန်း ရောင်းတာ၊ ဆိုင်ခန်းခတွေ ကောက်တာကျတော့ လေသာကျောင်းတိုက်အခြမ်းက လေသာကျောင်းက ကောက်ခံပြီး ဘုရားဘက်အခြမ်းက ဘုရားဂေါပကက ကောက်တယ်။ အဲဒီဟာ ကွဲလွဲနေတယ်။

သူတို့ကျောင်းတိုက်ပိုင်ဆို အကုန် အတူတူကောက်ရမှာပေါ့။ နောက်ပြီး ဘုရားဘေး သူတို့ကားဂိုထောင်ဆောက်ပြီး ကားတွေ ကုန်တွေ ထားတယ်။ ဆိုင်ခန်းတွဲတွေ ဆောက်တယ်။ ရောင်းတယ်၊ ငှားတယ်။ ဒါလည်း မဖြစ်သင့်ပါဘူး။ အခု အစိုးရတာဝန်ရှိသူတွေက ဂေါပကပြန်ရွေးပေးဖို့ မြို့ခံတွေ တောင်းဆိုမယ်၊ ဆန္ဒပြုလက်မှတ် ကောက်ခံမယ်လို့တော့ ကြားတယ်”ဟု ဘုရားအနီးနေထိုင်သူ ဦးကျော်က ပြောဆိုသည်။

အဆိုပါဘုရားအား အများပြည်သူပိုင်နှင့် လေသာကျောင်းတိုက်ပိုင် စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အတွင်းရေးမှူး ဦးတင်လှိုင်က သာသနာရေးဆိုင်ရာ ဘုရားအမျိုးအစား ၃မျိုးရှိကြောင်း၊ ရှေးဟောင်းဆံတော်ရှင်၊ ဓါတ်တော်ရှင် သမိုင်းဝင်ဘုရား၊ ဘုန်းတော်ကြီးကျောင်းတိုက်များအတွင်းရှိ စေတီပုထိုးများကို ကျောင်းတိုက်ပိုင်ဘုရား၊ ရပ်ရွာမှ စုပေါင်းလှုဒါန်း တည်ဆောက်ထားသောဘုရားမှာ အများပြည်သူပိုင်ဘုရားဖြစ်ကြောင်း၊ သို့ဖြစ်ရာ ယခုရွှေယဉ်မျှော်ဘုရားသည် လေသာကျောင်းတိုက်ပိုင်မြေအတွင်း လေသာကျောင်းဆရာတော်ကြီး ဥူးစန္ဒောဘာသကိုယ်တိုင် တည်ဆောက်ထားသောကြောင့် လေသာကျောင်းတိုက်ပိုင် စီမံခန့်ခွဲခွင့်ရှိသော ဘုရား ဖြစ်ကြောင်း ဂေါပက ရွေးချယ်ပွဲ၌ ရှင်းလင်းပြောဆိုထားသည်။

အဆိုပါ ဘုရားဂေါပကအဖွဲ့ကို အသစ် ရွေးချယ်ရန်နှင့် အများပိုင် သို့မဟုတ် ကျောင်းတိုက်ပိုင်ဘုရားဟူ၍ ကွဲပြားစွာသိရှိရန် မြို့ခံအချို့က ဆန္ဒပြင်းပြလျက် ရှိသည်။

Written by ရာဟု(ဖာအံ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်