မော်လမြိုင်၊ အောက်တိုဘာ
မွန်ပြည်နယ်အတွင်းမှ ပြည်ထောင်စုလမ်းမကြီးများကို တာဝန်ယူတည်ဆောက်နေသော ရွှေသံလွင်နှင့် AK ကုမ္ပဏီတို့ကို ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE)နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု (EMP) အစီရင်ခံစာ နှစ်ရပ် ရေးဆွဲတင်ပြရန် ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရာဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုသည် လမ်းလုပ်ငန်းများ လုပ်ဆောင်ရာတွင် ရေးဆွဲတင်ပြရမည့် ပတ်ဝန်းကျင်ထိခိုက်မှုအစီအမံများနှင့် ထိန်းသိမ်းမှုလုပ်ငန်းစဉ်များကို လုပ်ဆောင်ထားခြင်း မရှိသည့်အတွက် အထက်ပါအစီရင်ခံစာ နှစ် ရပ်ကိုရေးဆွဲတင်ပြရန် ညွှန်ကြားရခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

“ကျွန်တော်တို့အနေနဲ့ မွန်ပြည်နယ်မှာ လမ်းလုပ်ငန်းတွေ လုပ်နေတဲ့ AK နဲ့ ရွှေသံလွင် ကုမ္ပဏီ နှစ်ခုကို ခေါ်တွေ့ပြီး ပတ်ဝန်းကျင်ထိခိုက်မှုအတွက် ဘာတွေ လုပ်ထားလဲလို့ မေးကြည့်တော့ သူတို့မှာ ဘာမှ မရှိဘူး။ ဒါနဲ့ အစီရင်ခံစာရေးဆွဲတင်ပြဖို့ ညွှန်ကြားလိုက်တာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

အစီရင်ခံစာရေးဆွဲရာ၌ ကတ္တရာစေး ကြိုရာ၌ မီးခိုးငွေ့ထွက်ရှိခြင်းကို ထိန်းသိမ်းထားမှု အခြေအနေ၊ ကျောက်၊သဲများ ထားရှိမှုများနှင့် လမ်း တံတား တိုးချဲ့ရာ၊ ဖောက်လုပ်ရာတွင် ရေဆင်းရေလာ ကောင်းမွန်ရန်အတွက် ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်များကို တင်ပြပေးရမည်ဖြစ်ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ထပ်လောင်းပြောကြားသည်။

ဖော်ပြပါကုမ္ပဏီနှစ်ခုအနေဖြင့် ညွှန်ကြားထားသည့်အတိုင်း လုပ်ငန်းစဉ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ထံ အမြန်ဆုံးရေးဆွဲ တင်ပြရမည်ဖြစ်ပြီး၊ အစီရင်ခံစာ အောင်မြင်မှု ရှိ မရှိကို ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းလုပ်ငန်း လုပ်ဆောင်သည့် ကုမ္ပဏီများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ လမ်းတိုးချဲ့ခြင်း၊ လမ်းပုခုံးသားပြုပြင်ခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်ရာတွင် မိုင် ၃၀ နှင့် အထက် လုပ်ငန်းများအတွက် IEE ရေးဆွဲရမည်ဖြစ်ပြီး၊ မိုင် ၃၀ အောက် လုပ်ငန်းများအတွက် EMP ရေးဆွဲရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့က အစီရင်ခံစာ ရေးဆွဲတင်ပြရန် ညွှန်ကြားထားသည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး ရွှေသံလွင်နှင့် AK ကုမ္ပဏီများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ညွှန်ကြားထားသည့် အစီရင်ခံစာကို ရေးဆွဲတင်ပြခြင်း မရှိပါက လုပ်ငန်းလုပ်ကိုင်ခွင့်ကို ယာယီပိတ်သိမ်း အရေးယူနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးထံ တင်ပြသွားမည်ဖြစ်ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

Written by – ဇော်ထိုက်

 

Leave a Reply