Advertisements

မော်လမြိုင်၊ အောက်တိုဘာ

ရွှေဈေးနှုန်း မြင့်တက်လာမှုနှင့် အတူ ဒေါ်လာ ဈေးကစားသူများကို ခေါ်ယူ စစ်ဆေးပြီးနောက် ပြည်တွင်း ဈေးနှုန်းများလည်း ပြန်လည် ကျဆင်းလာသည်ဟု ရန်ကုန်၊ မော်လမြိုင် ရွှေဆိုင်များထံ သိရသည်။

ဒေါ်လာဈေးမြင့်တက်လာသောကြောင့် ရွှေဈေးတက်လာရခြင်းဖြစ်ပြီး ဒေါ်လာဈေးကစားသူများကို ဖမ်းဆီးနိုင်ခဲ့သောကြောင့် ဒေါ်လာဈေး ကျဆင်းလာသလို ရွှေဈေးလည်း ကျဆင်းလာကြောင်း ရန်ကုန်မြို့၊ သိမ်းစိန်ရွှေဆိုင်ပိုင်ရှင် ကိုမိုးဇာ်က ပြောကြားသည်။

“ဒေါ်လာဈေး ကစားတဲ့သူတွေကိလည်း ဖမ်းနေတယ်လေ၊ အဲလိုဆိုတော့ ဒေါ်လာဈေးလည်းကျလာတော့ ရွှေဈေးလည်း ကျလာတာပေါ့၊ နောက်ပြီး ရွှေဝယ်ရောင်း လုပ်တဲ့သူတွေကို လည်း ခေါ်ယူစစ်ဆေးတယ် ဆိုတော့ ရွှေဈေးကွက်က ဘယ်လိုဆက်ဖြစ်မလဲမသိသေးဘူး၊ ကျမလား၊ တက်မလားပေါ့”ဟု ၎င်းက ပြောသည်။

ရန်ကုန် ရွှေဈေးကွက်တွင် ယခုလအတွင်း အခေါက်ရွှေ တစ်ကျပ်သား ၁,ဝ၄၆,ဝဝဝ ကျပ်၊ ၁၅ပဲရည် ၉၈ဝ,ဝဝဝ ကျပ်ထိ အမြင့်ဆုံး မြင့်တက်ခဲ့သော်လည်း စက်တင်ဘာ ၂၈ရက်၌ အခေါက်ရွှေ တစ်ကျပ်သား ၉၇ဝ,ဝဝဝ ကျပ်၊ ၁၅ပဲရည် ၉၁ဝ,ဝဝဝ ကျပ်ထိ ပြန်လည်ကျဆင်းလာခဲ့ကြောင်း ဆက်လက်ပြောသည်။

ယင်းအခြေအနေများကြောင့် မော်လမြိုင် ရွှေဈေးကွက်တွင် ရွှေများကို လာရောက် ဝယ်ယူမှု နည်းပါးနေပြီး ရွှေဆိုင်များမှလည်း ရွှေဈေးနှုန်း အတက်အကျ မြန်နေသောကြောင့် အရောင်းအဝယ်လုပ်ရန် အခက်အခဲဖြစ်နေကြောင်း မော်လမြိုင်မြို့၊ ဈေးကြီး လေးထပ်ဈေးရှိ၊ ရတနာမြင့်မိုရ် စိန်ရွှေရတနာဆိုင်ပိုင်ရှင် မသင်းလဲ့သူဇာက ပြောကြားသည်။

“ဈေးကွက်ထဲမှာ လေနဲ့ အရောင်းအဝယ်လုပ်လို့မရတော့ဘူးလေ၊ ဈေးကစားသူတွေကိုလည်း ဖမ်းနေတော့ ဝယ်တဲ့သူတွေကလည်း မဝယ်ရဲဘူး၊ ရောင်းတဲ့သူကလည်း ဒီဈေးမှာမရောင်းရဲဘူး၊ ထပ်ကျမှာစိုးတာပေါ့”ဟု ၎င်းက ပြောသည်။

မော်လမြိုင် ရွှေဈေးကွက်တွင် ယခုလအတွင်း အခေါက်ရွှေဈေး တစ်ကျပ်သား ၁ ၀၃၀ ၀၀၀ ကျပ်၊ ၁၅ ပဲရည် ၉၆၀ ၀၀၀ ကျပ်အထိ အမြင့်ဆုံး ဈေးအထိ ရှိခဲ့သော်လည်း စက်တင်ဘာ ၂၈ ရက်တွင်မူ အခေါက် ရွှေ တစ်ကျပ်သား ၉၆၅ ၀၀၀ ကျပ်၊ ၁၅ ပဲရည် ၉၆၀ ၀၀၀ ကျပ်သို့ ပြန်လည် ကျဆင်းလာခဲ့ကြောင်း ၎င်းက ဆိုသည်။

ရွှေဈေးကွက် ကယက်ရိုက်ခတ်မှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး ရောင်းဝယ်မှုများကို ရပ်နားထားကြောင်း ဖြည့်စွက်ပြောသည်။

ထိုက်ထိုက်

Leave a Reply