မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးတာဝန်ခံ နိုင်ဝင်းလှ

မော်လမြိုင်၊ သြဂုတ် ၁

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီအတွက် နိုင်ငံခြားရောက်မွန်ရွှေ့ပြောင်းလုပ်သား များ ပြန်လာကြပြီး ဆန္ဒမဲပေးကြမှသာ ပို၍ကောင်းသော ရလဒ်များ ရရှိမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးတာဝန်ခံ နိုင်ဝင်းလှက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဇူလိုင်လ ၂၇ ရက်နေ့က မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ မွန်ညီညွတ်ရေးပါတီ ဗဟိုဋ္ဌာနချုပ် ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပအပြီးတွင် သတင်းမီဒီယာများ မေးမြန်းရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီလိုမျိုးတစ်ပါတီတည်းဖြစ်လို့ လာမယ့်ရွေးကောက်ပွဲမှာ ပိုကောင်းတဲ့ရလဒ်တွေ ရလာမယ်လို့ မျှော်လင့်တာပေါ့လေ၊ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ အခက်အခဲတစ်ခုရှိနေတာက ကျွန်တော်တို့ နယ်က လူငယ်တွေ အဲဒါ ပြန်လာပြီးတော့ ဒီရွေးကောက်ပွဲအပေါ်မှာ စိတ်ဝင်တစားရှိမှသာ သူတို့ မဲပေးမှသာ ပိုကောင်းတဲ့ရလဒ်က ပိုပြီးသေချာမှာပေါ့လေ”ဟု နိုင်ဝင်းလှက ပြောသည်။

မွန်တစ်မျိုးသားလုံးလိုလားတောင်းတနေကြသည့် မွန်တစ်ပါတီတည်းရှိရေးကိစ္စကို ဖြစ်ပေါ်လာပြီးဖြစ်သောကြောင့် တစ်မျိုးသားလုံးက ဝမ်သာကြိုဆိုနေကြပြီးဖြစ်ကာ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ရလဒ်ကောင်းများ ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ဆက်စပ်ပြီး လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ရှိ ရွှေ့ပြောင်း လုပ်သားများသည် နိုင်ငံခြားရောက်ရွှေ့ပြောင်းလုပ်သားများကဲ့သို့ မူရင်းဒေသကိုယ်စားလှယ်ကိုသာ မဲပေးခွင့်ပြုရန် မွန်ညီညွတ်ရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်စံလှိုင်က အဆိုပြုထားသည်။

မွန်ပြည်နယ်အတွင်းရှိ ရွှေ့ပြောင်းလုပ်သားများက ရက် ၁၈၀ ပြည့်လျှင် မဲထည့်ခွင့်ရရှိရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယင်းမဲပေးခွင့်ကို မိမိတို့အနေဖြင့် ကန့်ကွက်စရာမရှိသည့်အပြင် ရွှေ့ပြောင်းလုပ်သားများ၏ မူရင်းဒေသကိုယ်စားလှယ်ကိုသာ မဲပေးခွင့်ပြုပေးစေလိုကြောင်း ၎င်းက ဆိုသည်။

“အခုကျွန်တော်တို့ဒေသကို ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုလည်း သူ့မူရင်းဒေသက ကိုယ်စားလှယ်တွေကိုသာ မဲပေးရမှာ ဖြစ်ပါတယ်။ အဲဒါကို UEC အနေနဲ့ တကယ့် စိစိစစ်စစ်လုပ်ပြီးတော့ သူတို့ပေးလိုက်တဲ့မဲကို သူတို့မူရင်းဒေသကို ပို့ပေးဖို့ လိုပါတယ်။ အဲဒါကဘာလဲဆိုတော့ နိုင်ငံရောက်နေတဲ့ရွှေ့ပြောင်းလုပ်သားတွေ လုပ်ရိုးလုပ်စဉ် လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဖြစ်ပါတယ်။ ဒါကိုဆောင်ရွက်ပေးစေချင်ပါတယ်”ဟု နိုင်စံလှိုင်က ပြောသည်။

ရွှေ့ပြောင်းလုပ်သားများမဲပေးရမည့်ကိုယ်စားလှယ်ကို ခွဲခြားရန်လိုအပ်သည်မှာ ၎င်းတို့အကျိုးစီးပွားအတွ က်လည်းကောင်း၊ ဒေသအကျိုးစီးပွားအတွက်လည်းကောင်း၊ ကိုယ်စားလှယ်အကျိုးစီးပွားအတွက်လည်းကောင်း ထည့်တွက်ပြီး ရွှေ့ပြောင်းလုပ်သားများ၏ မဲပေးခွင့်ကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားရောက် တရားဝင်ရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံခြားသံရုံးကို ဆက်သွယ်ပြီး မဲပေးနိုင်စေရန် စီစဉ်ပေးထားကာ တရားမဝင် ရွှေ့ပြောင်းလုပ်သားများက မိမိဒေသသို့ ပြန်လာပြီး မဲပေးရမည်ဖြစ်ကြောင်း မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရန်အတွက် ပြည့်စုံစွာ ဆောင်ရွက်ပေးထားပြီး မဲပေးခြင်း၊ မပေးခြင်းကို မဲဆန္ဒရှင်ပြည်သူနှင့်သာ သက်ဆိုင်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဟိန်းလင်းထက်က ပြောကြားထားသည်။

ရွှေရိုး

Leave a Reply