လယ်ကွင်းပြင် တစ်ခုလုံး တံလျက်ထနေချိန် ထန်းပင်ပုလေးတစ်ပင်ရဲ့ ထိုးထွက်နေသော အကိုင်းအခက် အောက်မှာနေ့လည်စာအတွက် အိမ်မှ ပါလာသည့် ထမင်းချိုင့်ကို ရှောက်သီးသုပ်ဖြင့် စားလိုက်ပြီး လုပ်လက်စဖြစ်သည့် စပါးရေသွင်းခြင်းကို လက်စသတ်ရန် ထန်းပင်အောက်မှ တစ်ခေါ်စာဝေးသည့် စပါးကြဲခင်းအတွင်းသို့ ဦးမောင်ခင် တစ်ယောက် ခပ်သုတ်သုတ်ပြန်လျှောက်လာခဲ့သည်။

မိုးစပါးရိတ်သိမ်းအပြီး၌ ချက်ခြင်းဆိုသလို မျိုးကြဲပြီး စိုက်ပျိုးထားသည့် တောင်ပျံနွေစပါးခင်းများအတွင်းမှ ပျိုးပင်များမှာ အသေအပျောက်သိပ်မရှိလှဘဲ မှန်းထားသည်ထက်ပိုမိုဖြစ်ထွန်းနေသည်ကို ကန်သင်ရိုးတစ်လျှောက်ဖြတ်သွားရင်း တွေ့ရသဖြင့် ပြုံးပျော်နေသည့်မျက်နှာထားမှာ ဦးမောင်ခင်တွင် အတိုင်းသားပေါ်လွင်နေသည်။

“ဒီနှစ်နွေစပါးကောင်းမယ့်ပုံပဲ၊ တကယ်လို့ကောင်းရင်တော့ အဆင်ပြေတာပေါ့၊ ပခုက္ကူမှာရှိတဲ့ မိသားစုကိုလည်း ပိုက်ဆံအများကြီး ပို့လို့နိုင်မယ်၊ သားနှစ်ယောက်လည်း စပါးပေါ်ရင် ရှင်ပြုပေးလို့ရလောက်ပြီ”ဟု ဦးမောင်ခင်က စပါးခင်းများကို လှမ်းကြည့်ရင်း ပြောဆိုလေသည်။
ပခုက္ကူမြို့သား ဦးမောင်ခင်မှာ စားဝတ်နေရေး အခက်အခဲကြောင့် မွန်ပြည်နယ်သို့ ရွှေ့ပြောင်းလာရောက်ပြီး မော်လမြိုင်မြို့နယ် ဇော်ကုန်းကျေးရွာအတွင်းရှိ လယ် ၂၄ ဧကခန့်ကို သူရင်းငှားအလုပ်ဖြင့် လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။
ထိုမှတစ်ဆင့်ထက်ပြီး ပြောရလျှင် မွန်ပြည်နယ်အတွင်း အဓိက လိုအပ်နေသည့် အရာများစွာထဲမှ တစ်ခုဖြစ်သည့် လုပ်သားအင်အား လိုအပ်ချက်ကွပ်လပ်တစ်ခုကို လယ်လုပ်ရင်း ဖြည့်ပေးနေသူ တစ်ဦးလည်း ဖြစ်သည်။

“ဒီမှာလာလုပ်တာ ဆယ်နှစ်နီးပါးလောက်ရှိပြီ၊ အပေါ်မှာ (ပခုက္ကူ) မှာ လုပ်စားရတာ အဆင်မပြေလို့ အသိတွေနဲ့ မော်လမြိုင်ကိုဆင်းလာတာ၊ ဒီကိုရောက်မှပဲ အသက်ရှူချောင်သွားတယ်”ဟု ဦးမောင်ခင်က ၎င်း၏အခြေအနေကို ပြောပြသည်။

၂ဝ ရာစု အစောပိုင်းကာလများမှ စ၍ မွန်ပြည်နယ်အတွင်းပြည်ပသို့ သွားရောက်အလုပ်လုပ်သည့်ဓလေ့ စတင်ခေတ်စားလာပြီး မွန်ပြည်နယ်အတွင်းမှ အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းပါးသည့် နယ်ဒေသများမှ လူလတ်ပိုင်းအရွယ် မွန်တိုင်းရင်းသားအများစုမှာ မိမိတို့၏ မိသားစု စားဝတ်နေရေး အဆင်ပြေရန်အတွက် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၊ ထိုမှတစ်ဆင့် မလေးရှား၊ စင်ကာပူနိုင်ငံများသို့ တရားဝင်ရော တရားမဝင်သည့်နည်းလမ်းများဖြင့် အလုပ်လုပ်ရန် ထွက်ခွာသွားခဲ့ကြသည်။

ထိုသို့ ပြည်နယ်အတွင်းမှ အလုပ်လုပ်ကိုင်နိုင်သည့် လူငယ်များအခြားနိုင်ငံများသို့ ထွက်သွားကြသည့် အရေအတွက် များလာသည်နှင့်အမျှ ပြည်နယ်၏ လက်ငုတ်ရင်းလုပ်ငန်းများ၏ လုပ်သားအင်အား လိုအပ်ချက်သည်လည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
ဤသို့သော အခြေအနေရှိတွင် မွန်ပြည်နယ်၏ အထက်ဒေသများဖြစ်သည့် ပဲခူး၊ ဧရာဝတီ၊ မကွေးကဲ့သို့သော နေရာများမှ ဆင်းရဲနွမ်းပါးသူများမှာ ရေကြည်ရာမြက်နုရာ ရှာဖွေရင်း မွန်ပြည်နယ်အတွင်းသို့ ရောက်ရှိလာကာ ပြည်ပသို့ ထွက်ခွာသွားသူများကြောင့် လစ်လပ်သွားသည့် နေရာအသီးသီးတွင် ဝင်ရောက်လုပ်ကိုင်လာရာမှ ရွှေ့ပြောင်းလုပ်သား အရေအတွက် တိုးပွားလာခဲ့သည်။

၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံ လုပ်သားအင်အား၊ ကလေးလုပ်သားနှင့် ကျောင်းအပြီး လုပ်ငန်းခွင်ဝင်ရောက်မှု အကူးအပြောင်း စစ်တမ်း အနှစ်ချုပ်အစီရင်ခံစာတွင် အခြားဒေသမှ မွန်ပြည်နယ်အတွင်းသို့ ပြောင်းရွှေ့ လုပ်ကိုင်နေသူ စုစုပေါင်းအရေအတွက်မှာ မွန်ပြည်နယ်အတွင်းရှိ လူဦးရေ၏ ၁၄ ဒသမ ၃ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဖော်ပြထားပြီး အများစုမှာ ပဲခူး၊ ဧရာဝတီ၊ မကွေးတိုင်းဒေသကြီးတို့မှဖြစ်ကြကာ အခြားပြည်နယ်နှင့် တိုင်းများမှ လည်းအနည်းငယ်စီပါဝင်ကြသည်။

ရွှေ့ပြောင်းလာကြသည့် အခြေအနေကို ကြည့်လျှင်လည်း မိသားစု ပြောင်းရွှေ့ခြင်းကြောင့် ရောက်လာသူ ၅ဝ ရာခိုင်နှုန်းခန့်ရှိပြီး အလုပ်အကိုင်အတွက် ပြောင်းရွှေ့လာသူ ၂၅ ရာခိုင်နှုန်းခန့်၊ လက်ထပ်ခြင်းကြောင့် ပြောင်းရွှေ့လာသူ ၂၁ ရာခိုင်နှုန်းနှင့် အခြားအကြောင်းအရင်းကြောင့် ပြောင်းရွှေ့လာသူ ၄ ရာခိုင်နှုန်းခန့် ရှိသည်ဟုလည်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ရွှေ့ပြောင်းလုပ်သား မိသားစုများကိုလည်း သာမာန်ရွှေ့ပြောင်းလုပ်သားနှင့် ယာယီရွှေ့ပြောင်းလုပ်သားအဖြစ် အမျိုးအစားနှစ်ခု ခွဲခြားသတ်မှတ်ထားပြီး စည်ပင်သာယာမြေနှင့် သစ်တောကြိုးဝိုင်းကဲ့သို့သော အစိုးရဌာနပိုင် မြေများတွင် ကျုးကျော်နေထိုင်သည့် ယာယီရွှေ့ပြောင်းလုပ်သားနှင့် လုပ်ငန်းရှင်များထံ၌နေထိုင်သူပြီး မိမိငွေကြေးဖြင့် အိမ်ငှားရမ်းနေထိုင်ကြသည့် သာမာန်ရွှေ့ပြောင်းလုပ်သားတို့ ဖြစ်ကြသည်။

မွန်ပြည်နယ်အတွင်းသို့ ရောက်ရှိလာသည့် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများမှာ ပြည်နယ်၏ အဓိက စီးပွားရေးလုပ်ငန်းများဖြစ်သော လယ်ယာလုပ်ငန်း၊ ရော်ဘာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ လမ်းခင်းလုပ်ငန်း၊ အထည်အလိပ် ရောင်းဝယ်ရေးလုပ်ငန်း၊ ရေထွက်ကုန်ပစ္စည်း လုပ်ငန်းတို့တွင် အများစု ဝင်ရောက်လုပ်ကိုင်နေကြပြီး ကုန်ထမ်းလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းတို့တွင် ဝင်ရောက်လုပ်ကိုင်နေသူလည်း အများအပြားရှိနေကြသည်။

“အဓိက ကတော့ ကျွန်တော့်မိသားစုရဲ့ စားဝတ်နေရေးအတွက်ပဲပေါ့၊ ကိုယ့်ဒေသမှာ စီးပွားရှာရတာ အဆင်မပြေတော့ ဒီကိုလာလုပ်နေရတာပဲ”ဟု ဦးမောင်ခင်က ဆိုသည်။
၎င်းနှင့် အတူ အလုပ်လုပ်ရန် ထွက်လာကြသော လုပ်ဖော်ကိုင်ဖက်မိတ်ဆွေ သူငယ်ချင်းများသည်လည်း မွန်ပြည်နယ်အတွင်းရှိ လမ်းခင်းလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများသို့ အများအပြားရောက်သွားကြကြောင်း ဦးမောင်ခင်က ပြောသည်။

“အရင်တုန်းက အိမ်နီးနားချင်းတွေက စပါးစိုက်ချိန်နဲ့ စပါးရိတ်ချိန်ဆို မွန်ပြည်နယ်ဘက်ပဲ တစ်အုပ် တမကြီး ပြေးလာကြတာလေ၊ ဒီမှာက အလုပ်ပေါတာကိုး၊ မွန်ဘက်က တစ်ရွာလုံး နိုင်ငံခြားထွက်သလို ကျွန်တော်တို့လည်း တစ်ရွာလုံးလိုလို ထွက်လာကြတာပဲ”ဟု ဦးမောင်ခင်နှင့် အတူလုပ်နေသည့် ပဲခူးတိုင်းမှ လယ်သမားကြီး ဦးလှမိုးက ဆိုသည်။

မွန်ပြည်နယ်အတွင်း လယ်လုပ်ငန်းမှအစ တိုလီမုတ်စ လုပ်ငန်းအဆုံး လုပ်နေကြသည့် ရွှေ့ပြောင်း လုပ်သားများသည် ပျမ်းမျှအနေဖြင့် တစ်လလျှင် မြန်မာငွေကျပ်နှစ်သိန်းမှ သုံးသိန်းခွဲအထိ ရတတ်ကြပြီး အခြားလုပ်ငန်းများထက် ပိုပြီးပင်ပင်ပန်းပန်းလုပ်ရသည့် အလုပ်က ဝင်ငွေပိုရတတ်ကြောင်း ရွှေ့ပြောင်းလာသူများကလည်း ဆိုကြသည်။

အချို့မှာ မိသားစုလိုက် ပြောင်းရွှေ့လာကြပြီး နေရပ်သို့ပင် မပြန်တော့ပဲ မိမိလုပ်ကိုင်နေသည့် လုပ်ငန်းနှင့် ဆက်စပ်သော နေရာများရှိ နေအိမ်၊ တဲတို့တွင် အခကြေးငွေပေး၍ နေထိုင်ကာ အခြေချနေသူများလည်း ရှိကြသည်။

“ဟိုမှာက ဒီရဲ့ တစ်ဝက်လောက်ပဲရတာ၊ ဟိုမှာလည်း ပင်ပန်းတဲ့ အလုပ်လုပ်တာပဲ ဒီမှာလည်း ပင်ပန်းတဲ့ အလုပ်လုပ်တာပဲ၊ ပင်ပန်းတာခြင်း အတူတူ ပိုက်ဆံများများရတဲ့ အလုပ်မှာပဲ လုပ်မှာပေါ့”ဟု ပခုက္ကူမှလာပြီး သံလွင်ငါးဈေးအတွင်း ကုန်ထမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ကိုရွှေထူးက ဆိုသည်။

ရပ်ဝေးမှ ရွှေ့ပြောင်းလုပ်ကိုင်သူတစ်ဦး အနေဖြင့် မိမိလာရောက်လုပ်ကိုင်သည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အလုပ်သမား ဧည့်စာရင်းတိုင်ကြားထားရပြီး အလုပ်သမားဦးရေ၊ မိမိလုပ်ကိုင်မည့် လုပ်ငန်း၊ အလုပ်ရှင်၏ သဘောတူညီချက်၊ အလုပ်လုပ်ကိုင်လိုသည့် ကာလတို့ကိုပါ တစ်ပါတည်း တင်ပြထားပြီးမှ လုပ်ကိုင်နေကြခြင်းဖြစ်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့က ရက် ၁၀ဝ စီမံကိန်းအတွင်း သစ္စာစီမံချက်အမည်ဖြင့် မွန်ပြည်နယ်သို့ ရောက်ရှိနေသော ရွှေ့ပြောင်းလုပ်သားများကို အိမ်ထောင်စုစာရင်းထုတ်ပေးမည်ဖြစ်ကြောင်း ၂၀၁၆ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့ပြီး ယင်းအပေါ် မွန်အဖွဲ့အစည်း ၁၆ ဖွဲ့က ပြည်နယ်အစိုးရထံသို့ ကန့်ကွက်သည့် သဘောမျိုးဖြင့် စာများတင်ခဲ့ကြသည်။

မွန်ပြည်နယ်၏ လုပ်သားလိုအပ်ချက်အရ စီးပွားရေး လုပ်ငန်းများ၌ ရွှေ့ပြောင်းလုပ်သားများ လိုအပ်လျက်ရှိသည်။
မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ခိုးမှုများ၊ လုယက်မှုများ၊ လူသတ်မှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများ၊ လိင်ပိုင်းဆိုင်ရာ ပြစ်မှုများနှင့် ခြိမ်းခြောက် အကျပ်ကိုင်မှု အချို့၏ နောက်ကြောင်းများကို ပြန်လည်ကြည့်ရှုရာတွင် အခြားဒေသမှ ရွှေ့ပြောင်းလာသူအချို့ ပါဝင်ခဲ့ဖူးခြင်းကို ရွှေ့ပြောင်းလုပ်သားများ အခြေချနေထိုင်မည်ကို ဒေသခံများက စိုးရိမ်မှု ဒီရေ မြင့်တက်ခဲ့ကြခြင်းလည်းဖြစ်သည်။

“ကျွန်တော်တို့က လူမျိုးရေးအန္တရာယ်ကို ကာကွယ်ဖို့ဖြစ်တယ်၊ ရွှေ့ပြောင်းအလုပ်လုပ်တဲ့ လူတွေက ဒီကိုရောက်ရင် ရာဇဝတ်မှုတွေ ကျူးလွန်တတ်ကြတာတွေရှိတယ်”ဟု ပြည်နယ်အစိုးရထံ စာတင်ခဲ့သည့် မုဒုံမြို့နယ် မွန်လူငယ်အသင်း ဥက္ကဋ္ဌ နိုင်ထွန်းမြင့်က ဆိုသည်။

ထို့ကြောင့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်ရှိ ယာယီ ရွှေ့ပြောင်းအလုပ်သမား အိမ်ထောင်စုစာရင်း ထုတ်ပေးမှု ရပ်ဆိုင်းရေးအဆိုကို တင်သွင်းခဲ့ရာ မွန်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေး၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က အိမ်ထောင်စုစာရင်း ထုတ်ပေးထားခြင်းမရှိကြောင်း ဖြေဆိုခဲ့သည်ကိုလည်း တွေ့ရသည်။

“ခိုးဆိုးဖို့မပြောနဲ့ အပြင်တောင် သိပ်မထွက်ကြပါဘူး၊ ဒီမှာနေတယ်ဆိုတာက ကိုယ့်မြို့ကိုယ့်ရွာ မဟုတ်တော့ လွပ်လွပ်လပ်လပ် နေပိုင်ခွင့်တော့ မရှိဘူးပေါ့၊ ပြဿနာဖြစ်မှာ ကြောက်ရပြီးတော့ သွားချင်တိုင်းသွားလို့ မရဘူးပေါ့၊ ပွဲတော်တွေ ဘာတွေဖြစ်လို့ရှိရင် ဒီမှာက ရန်ဖြစ်ကြတာများတယ်လေ”ဟု ပခုက္ကူမှလာပြီး သံလွင်ငါးဈေးအတွင်း ကုန်ထမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ကိုရွှေထူးက ၎င်းတို့၏ အခြေအနေကို ပြောပြသည်။

အကယ်၍ ရွှေ့ပြောင်းလုပ်သားများ ပြဿနာတစ်စုံတစ်ရာ တက်ပါက အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနသို့ သွားရောက်တိုင်ကြားနိုင်သော်လည်း ထိုရုံးမှာ မော်လမြိုင်အတွင်းရှိ အလုပ်သမားများ၏ အရေးကိစ္စကိုသာ ဖြေရှင်းနိုင်သည့် အနေအထားတွင်ရှိပြီး အခြားမြို့နယ်များသို့ လွှမ်းခြုံနိုင်ခြင်း အားနည်းနေသေးသည်။

ပြည်နယ် အစိုးရအနေဖြင့်လည်း ရပ်ဝေးမှ ရွှေ့ပြောင်းလုပ်ကိုင်သူများအတွက် မဆိုထားနှင့် မိမိပြည်နယ်ရှိ အလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးမှု၊ မူဝါဒချမှတ်ပေးမှု အားနည်းနေသေးသည်ဟု ဒေသခံ အလုပ်သမားများက ဆိုကြသည်။

ထို့ပြင် မကြာခင်ကာလ အပိုင်းအခြားက မွန်ပြည်နယ်၏ ရွှေဖြူဟု တင်စားကြသည့် ရော်ဘာလုပ်ငန်းမှာ ဈေးကွက်အခြေအနေကြောင့် ပြန်လည်ဦးမော့လာနိုင်ခဲ့သော်လည်း အစေးခြစ်လုပ်သားရှားပါးသည့် ပြဿနာကို လုပ်ငန်းရှင်များက ခေါင်းခဲလျက်ရှိပြီး ရွှေ့ပြောင်းလုပ်သားများကိုပင် တစ်ဖန်ပြန်လည် အားကိုးနေရသည်။
“အလုပ်သမားက တော်တော်ရှားနေတယ်၊ ကိုယ့်ရွာက လူတွေကလည်း နိုင်ငံခြားမှာကြီးပဲဆိုတော့ အတော် ဂွကျတယ်၊ အဲ့တာ ရွာမှာ ပဲခူးကနေပြီး လယ်လာစိုက်တဲ့ လူတွေကိုပဲ ချော့မော့ပြီး လုပ်ခိုင်းထားရတယ်”ဟု ရော်ဘာခြံပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမင်းဝင်းနိုင်က ဆိုသည်။
အလုပ်ခွင်တွင်လည်း အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေး သဘောမျိုးထက် တစ်ဦးလိုအပ်နေသည့် အရာကို တစ်ဦးက ဖြည့်ဆည်းပေးသည့် သဘောထားမျိုးသာ အများစုက ရှိတတ်သည်ဖြစ်ရာ မိမိဒေသနှင့် မခြား အလုပ်လုပ်နိုင်ကြသဖြင့် ရွှေ့ပြောင်းလုပ်သားများက အဆင်ပြေလျက်ရှိသည်။

“ကျွန်တော်တို့ကတော့ အခြားနိုင်ငံတွေကို စိတ်မဝင်စားဘူး၊ ထိုင်းနိုင်ငံသွားမယ်ဆိုရင် အဖိနှိပ်ခံရမှာ များတယ်၊ ဒီမှာဆိုရင်တော့ ကိုယ့်ပြည်တွင်းလည်း ဖြစ်တယ်၊ ကိုယ့်နိုင်ငံသားတွေလည်း ဖြစ်တယ်ဆိုတော့ အချင်းချင်းက နားလည်မှု ရှိတယ်လေ”ဟု ကိုရွှေထူးက တစ်ဖက်နိုင်ငံသို့ မသွားရသည့် အကြောင်းအရင်းကို ဆိုသည်။

ပြင်ပနိုင်ငံများ၌ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မွန်ဒေသမှ ပြည်သူများ ပြန်မရောက်လာသေးသ၍ ၎င်းတို့ လစ်လပ်သွားသည့် အလုပ်ကွက်လပ်နေရာများကို ရွှေ့ပြောင်းလုပ်သားများက ဖြည့်ပေးနေရဦးမည် ဖြစ်သည်။

၎င်းတို့အတွက် ရေကြည်ရာဒေသအဖြစ် သတ်မှတ်ထားသည့် မွန်ပြည်နယ်ကလည်း နေရပ်တွင်ကျန်ခဲ့သည့် ၎င်းတို့မိသားစုများ၏ ဝမ်းရေးကို အတန်အသင့် ဖြေဖျောက်ပေးနိ်ုင်နေသည်ဟု မျှော်လင့်လျက်နေဆဲပင်။

“ကျွန်တော့်မှာ လှည့်ကြည့်ရမယ့် မိသားစုတွေရှိသေးတယ်၊ ဒီတော့ သူတို့ကို တင့်တောင့်တင့်တယ် ထားမယ်ဆိုတဲ့ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေ မပြည့်မချင်း ဒီမှာတော့ နေရဦးမှာပဲ”ဟု ရေခဲပုံးအတွင်း ဖျတ်ဖျတ်လူးနေသည့် ငါးများကိုကြည့်ရင်း ကိုရွှေထူးက ၎င်း၏ အန္နိမရည်မှန်းချက်ကို ရေရွတ်လိုက်လေသည်။

Written by – ဖိုးဝ

Leave a Reply