ရှင်သန်မှုကို ဖွင့်ဆိုနေတဲ့ အမြီးများ

တိရစ္ဆာန်တွေက အချင်းချင်းနှုတ်ဆက်တာ၊ ရန်သူလား မိတ်ဆွေလား အကဲဖြတ်တာတွေကို အမြီးကိုကြည့်ပြီး ဆုံးဖြတ်ကြပါတယ်။ အဲ့ဒါအပြင် သူတို့ရဲ့ အသက်ရှင်နေထိုင်မှုမှာ အမြီးက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အမြီးရှိတဲ့ တိရစ္ဆာန်တွေက သူတို့ရဲ့ အမြီးကို ဘယ်လိုပုံစံနဲ့ အသုံးချကြလဲဆိုတာ ပြောပြပေးပါမယ်။

· မျောက်တွေက သူတို့ရဲ့ အမြီးကို ကိုင်တွယ်ဖမ်းဆုပ်ဖို့ အသုံးပြုကြပါတယ်။ တစ်နေရာကနေ တစ်နေရာကို လှမ်းခုန်လိုက်တဲ့ အခါမျိုး၊ သစ်ပင်ပေါ်မှာ တွဲခိုတဲ့အခါမျိုးဆို အမြီးနဲ့တွယ်ချိတ်ထားပြီး ကိုင်တွယ်ဖမ်းဆုတ်ထားကြပါတယ်။

· ငှက်တွေရဲ့အမြီးတွေကတော့ ပျံသန်းနေတဲ့အချိန်မှာ ထိန်းချုပ်ဖို့ သုံးကြပါတယ်။ လေထဲပျံသန်းတဲ့အခါ ခန္ဓာကိုယ်ဟန်ချက်ညီဖို့ အမြီးကို အသုံးပြုတာပါ။ ဒေါင်းအထီးတွေကတော့ သူတို့ရဲ့အမြီးကို ဖြန့်ပြီးတော့ ဒေါင်းမတွေကို ဆွဲဆောင်ကြပါတယ်။

· အမြီးထိပ်ဖျားမှာ အမွေးရှိတဲ့ တိရစ္ဆာန်တွေလဲ ရှိပါတယ်။ အဲ့ဒီတိရစ္ဆာန်တွေကတော့ နွား၊ မြင်း၊ မြင်းကျား၊ ကျွဲ စတဲ့ တိရစ္ဆာန်တွေပါ… သူတို့တွေက ယင်ကောင်တွေနဲ့ တခြားအင်းစက်တွေကို မောင်းဖို့သုံးကြပါတယ်။ ကျွဲတွေ နွားတွေနားမှာ အင်းစက်အကောင်လေးတွေအများကြီးရှိနေတတ်တာကြောင့် သူတို့တွေက အမြီးကိုခါယမ်းပြီး အဲ့ဒီအင်းစက်တွေကို ဖယ်ရှားမောင်းထုတ်နေတာကို တွေ့ရတတ်ပါတယ်။

· တိရစ္ဆာန်တွေအများစုက သူတို့ရဲ့နယ်မြေသတ်မှတ်တဲ့အနေနဲ့ အညစ်အကြေးစွန့်တတ်ကြတယ်။ ရေမြင်းကတော့ မစင်စွန့်တဲ့ အချိန်မှာ သူတို့ရဲ့အမြီးကို ပန်ကာလိုမွေ့ထားပြီးတော့ ဟိုးအဝေးထိရောက်အောင်လုပ်ကြပြီး သူတို့ရဲ့နယ်မြေကို အကျယ်ကြီးသတ်မှတ်ကြတာပါ။

· သင်းခွေချပ်တွေက ရန်သူနဲ့တွေ့ရင် အမြီးနဲ့ခေါင်းကို ဆက်လိုက်ပြီး ဘောလုံးလိုဖြစ်သွားအောင် လုပ်ပြီးတော့ ရန်သူကိုလှည့်စားကြပါတယ်။ သူ့ကိုယ်သူ ကာကွယ်တဲ့ အနေနဲ့ အမြီးကိုအသုံးချတာပါ။

· ငါးအပါအဝင်ရေသတ္တဝါတွေကတော့ ရေထဲမှာ ကူးခတ်သွားလာဖို့ သုံးကြပါတယ်။ ဝေလငါးအပါအဝင် နို့တိုက်သတ္တဝါတွေကတော့ အမြီးကို အထက်အောက် လှုပ်ရှားပြီး ရေပေါ်တက် အသက်ရှူဖို့ သုံးကြပါတယ်။

· မိကျောင်းတွေက အမြီးကို သူတို့ခန္ဓာကိုယ်အပူချိန်ထိန်းညှိဖို့ သုံးကြပါတယ်။ သူတို့ရဲ့ အမြီးက ခန္ဓာကိုယ်ကိုပူနွေးစေတဲ့နေရာမှာ အထောက်အကူပေးပါတယ်။

· သားပိုက်ကောင်တွေကတော့ သူတို့ရဲ့အမြီးကိုထောက်ပြီးတော့ မတ်တပ်ရပ်နိုင်ကြပါတယ်။

တိရစ္ဆာန်တွေရဲ့ သူတို့အမြီးအပေါ် အသုံးချမှုဟာ တစ်ကောင်နဲ့တစ်ကောင် မတူညီပဲ စိတ်ဝင်စားစရာ ကောင်းနေတာကို တွေ့ရပါတယ်။ အမြီးနဲ့ ပတ်သတ်ပြီး မြန်မာစကားပုံတွေ၊ စကားထာတွေလဲရှိပါတယ်။

“အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား” … ဒါကတော့ လူသုံးများတဲ့ စကားပုံတစ်ခုပါ။ ရတဲ့အနေအထားမှာပဲ အမြတ်ထုတ်၊ လူလည်ကျတဲ့ ဖြစ်ရပ်မျိုးတွေမှာ သုံးလေ့ရှိပါတယ်။ ဒါ့အပြင် “အမြီးအမောက်မတည့်” ဆိုတဲ့ စကားလုံးလည်း ရှိပါသေးတယ်။ အဓိပ္ပါယ်ကတော့ ပုံမှန်မဟုတ်တဲ့၊ မဖြစ်သင့်တဲ့ အကြောင်းအရာတွေကို ပြုမူမိတဲ့အခါ သုံးကြတာပါ။ နဂါးရုံဘုရားရုပ်ပွားတော်တွေ ထုလုပ်တဲ့အခါ ဘုရားကို ရစ်ပတ်ရုံမိုးပေးထားတဲ့ နဂါးရဲ့အမြီးနဲ့ အမောက်နဲ့ဟာ တည့်နေဖို့ လိုအပ်ပြီး ခြင်္သေ့ရုပ်တွေမှာလည်း အမောက်နဲ့ အမြီး တည့်တည့်ရှိနေရမှာ ဖြစ်တယ်လို့ ဆိုလိုပါတယ်။

Written by Audrey Chann

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.