Advertisements

မော်လမြိုင်၊ သြဂုတ် 

နှစ် ၃၀ပြည့် ရှစ်လေးလုံး အရေးတော်ပုံအခမ်းအနားကို မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ တောင်ပေါက်ကျောင်းတွင် သြဂုတ်လ ၈ရက်နေ့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရှစ်လေးလုံး အခမ်းအနားဖြစ်မြောက်ရေး ကော်မတီအဖွဲဝင်တစ်ဦးဖြစ်သည့် ဦးညိုမင်းက ပြောဆိုသည်။

အဆိုပါအခမ်းအနားတွင် အရေးအခင်းကာလအတွင်း ကျဆုံးခဲ့သူများအတွက် ရည်စူးကာ ဆွမ်းကပ်ခြင်း၊ ဆုတောင်းခြင်း၊ ကျဆုံးခဲ့သည့် ရဲဘော်များအတွက် အလှူငွေပေးအပ်ခြင်း၊ သဝဏ်လွှာများ ဖတ်ကြားခြင်း စသည့် အစီအစဉ်များကို ကျင်းပပြုလုပ်သွားမည်ဟု ၎င်းက ပြောသည်။

Advertisements
data-language="en"

“အရေးအခင်းကာလတုန်းက မော်လမြိုင်မြို့က ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် အလှူငွေပေးအပ်တာတွေလုပ်မယ် တခြားထွေထွေထူးထူးတော့ လုပ်သွားဖို့မရှိပါဘူး”ဟု ဦးညိုမင်းက ဆိုသည်။

နှစ် ၃၀ ပြည့် ပုလဲရတုအခမ်းအနားတွင် မော်လမြိုင်မြို့အတွင်း ကျဆုံးခဲ့သူများအတွက် ကဗျည်းမော်ကွန်းထိုးကာ Memory Wall တစ်ခု ပြုလုပ်ရန် စီစဉ်ထားသော်လည်း လက်ရှိအချိန်ထိ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ရှစ်လေးလုံး အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့ခေါင်းဆောင် ဦးဝင်းကျော့မှူးက ပြောသည်။

“ကျွန်တော်တို့ရည်မှန်းထားတာတော့ သံလွင်ဥယာဉ်ထဲမှာလုပ်မယ်ဆိုပြီး စီစဉ်ထားတယ် ဒါကို အစိုးရအဖွဲ့နဲ့ ကျွန်တော်တို့ ဆွေးနွေးရအုန်းမယ်ဆိုတော့ အဲ့တာကိုချိန်ဆပြီး ဒီနှစ်တော့မမှီလောက်တော့တဲ့အတွက် မလုပ်ဖြစ်သေးတာ”ဟု၎င်းက ဆိုသည်။

ယခင်နှစ်များတွင် ရှစ်လေးလုံးအခမ်းအနားနှင့် ပတ်သက်၍ ပြည်သူများ သိရှိစေရန်အတွက် ဟော်ပြောခြင်း၊ စည်းရုံးလှုံဆော်ခြင်းများကို မြို့နယ်အနှံ လုပ်ဆောင်ခဲ့သော်လည်း ယခုနှစ်တွင် မိုးများနေသည့်အတွက်ကြောင့် လုပ်ဆောင်သွားရန် အစီအစဉ် မရှိတော့ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် သြဂုတ်လ ၂၂ ရက်နေ့တွင်လည်း အရေးအခင်းကာလအတွင်း ကျဆုံးခဲ့သည့် ရဲဘော်များကို ရည်မှန်းကာ မော်လမြိုင်မြို့မွန်အမျိုးသားပြတိုက်ထောင့်တွင် လွမ်းသူပန်းခွေချခြင်း၊ ကျိုက်သုတ်ဘုရားတွင် ဆုတောင်းခြင်းအခမ်းအနားကို လုပ်ဆောင် သွားရန် ရှိနေသည်။

Written by သက်ပိုင်

Leave a Reply