Advertisements

မော်လမြိုင်၊ သြဂုတ် ၂၂

ရှစ်လေးလုံး အရေးတော်ပုံကာလ၌ မော်လမြိုင်တွင် ကျဆုံးသူများအတွက် သြဂုတ် ၂၂ ရက်တွင် ၎င်းတို့ ကျဆုံးခဲ့သော မရမ်းကုန်းရပ်ကွက်၊ ကျိုက်သုတ်ဘုရားအနီးရှိ ဗဟိုလမ်းမကြီး၊ မီးပွိုင့်လမ်းဆုံတွင် လွမ်းသူပန်းခွေချ၍ အလေးပြုခဲ့သည်။

ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးသွားသော သူရဲကောင်းများအား အောက်မေ့ခြင်းအထိမ်းအမှတ်အဖြစ် ယခု လွမ်းသူ ပန်းခွေချ၍ ဂုဏ်ပြုခြင်း ဖြစ်သည်ဟု ရှစ်လေးလုံး အရေးတော်ပုံ၌ ကျိုက်သုတ်အထွေထွေသပိတ်ဌာနချုပ် ခေါင်းဆောင် ကိုဝင်းကျော်မှူးက ဆိုသည်။

ယင်းအပြင် ကျဆုံးခဲ့သော ရဟန်းရှင်လူ၊ ကျောင်းသားများအတွက် ရည်းစူ၍ မနက်ပိုင်းကလည်း သံဃာတော် အပါး ၇၀ ကို ဆွမ်းဟင်း လောင်းလှူကာ ရေချစက် အမျှပေးဝေခဲ့ကြောင်း ၎င်းက ပြောသည်။

“သူတို့ကနေပြီးတော့ အဲ့နေ့အဲ့အချိန်ကာလမှာတော့ သူတို့ကိုယ်တိုင်အသက်ပေးပြီးကျဆုံးခဲ့ရတယ် ကျွန်တော်တို့က ကျန်ရှိနေတဲ့လူဖြစ်ပေမယ့်လည်း ဒီတိုက်ပွဲက မပြီးသေးဘူး”ဟု ကိုဝင်းကျော်မှူးက ဆိုသည်။

ရှစ်လေးလုံး အရေးတော်ပုံကာလ၌ ကျိုက်သုတ်စေတီတွင် သပိတ်စခန်းဖွင့်လှစ်ခဲ့ကာ ၁၉၈၈ ၊ သြဂုတ် ၂၂ ရက် ညနေ ၆ နာရီ အချိန်တွင် သပိတ်စခန်းသို့ ပြန်လာသော ရဟန်းရှင်လူ၊ ကျောင်သားများကို ယခု မွန်ယဉ်ကျေးမှုပြတိုက်မှ ပစ်ခတ်ခဲ့၍ လူ ခြောက် ဦး သေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။

သို့သော်လည်း ပစ်ခတ်မှုပြီးနောက် ကျဉ်ပေါက်ထားသော သင်္ကန်း ဆယ်စုံကို ထပ်မံ တွေ့ရှိခဲ့သော်လည်း ရုပ်အလောင်းများကိုမူ တွေ့ရှိခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

လက်ရှိ အချိန်သည် ဒီမိုကရေစီ မပြည့်ဝသေးသဖြင့် မိမိတို့ လိုချင်သည့် အဆင့်ထိ မရောက်သေးကြောင်းနှင့် ဆက်လက်ပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးကိုပြည့်ဝစွာ ခံစားနိုင်မည့် အေးချမ်းသည့်နိုင်ငံဖြစ်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဟု ကိုဝင်းကျော့မှူးက ပြောဆိုသည်။

Written by ဂေထော

Advertisements
<

Leave a Reply