မော်လမြိုင်၊ သြဂုတ်

ရှစ်လေးလုံးအရေးတော်ပုံတွင် ကျဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျောက်တိုင်တစ်ခုကို မော်လမြိုင်မြို့  ဗဟိုလမ်းရှိ ယဉ်ကျေးမှုပြတိုက်နှင့် ဝေဇယန္တာကျောင်း အနီးတွင် စိုက်ထူရန် လျာထားကြောင်း ယင်းအစီအစဉ်ကို ဦးဆောင်သူ ဦးကျော်ကျော်မိုးကပြောကြားသည်။

အဆိုပါကျောက်တိုင် စိုက်ထူရန်မြေနေရာကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နှုတ်ကတိဖြင့် ခွင့်ပြုပေးခဲ့ကြောင်း ၎င်းကဆိုသည်။

“ဖြစ်စေချင်တဲ့ဟာကို မွန်ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြဖို့အတွက် စာလေး ယူသွားပါတယ်။ စည်ပင်သာယာကိုလည်း တင်ထားတယ်။ ဝန်ကြီးချုပ်ကနေပြီးနှုတ်မိန့်နဲ့ ခွင့်ပြုလိုက်တယ်” ဟု ၎င်းက ဆိုသည်။

သြဂုတ်လ ၂၂ ရက်နေ့ ရှစ်လေးလုံး အရေးတော်ပုံအတွင်း ကျဆုံးခဲ့သူများအတွက် ကျိုက်သုတ်ဘုရားတွင်အမျှပေးဝေခဲ့ပြီး သံဃာတော်များကိုဆွမ်းကပ်ခဲ့ကြကာ အဆိုပါ ကျောက်တိုင် စိုက်ထူမည့်မြေနေရာတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် လွမ်းသူ့ပန်းခွေချခြင်းနှင့် အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

နောင်လာနောက်သားများ ရှစ်လေးလုံး အရေးတော်ပုံကိုအမှတ်ရနေစေရန်အတွက် ကျောက်တိုင်စိုက်ထူရန်စီစဉ်ခြင်းဖြစ်ကြောင်း ဦးကျော်ကျော်မိုးက ပြောသည်။

သြဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံ ၃၁ နှစ်ပြည့်အခမ်းအနားကို မွန်ပြည်နယ် မော်လမြိုင်မြို့တောင်ပေါက်ကျောင်းရှိ နှီးဘုရားတွင် ကျင်းပခဲ့ကြောင်းသိရသည်။

လဲ့လဲ့ဝင်း၊ စိုင်းထွန်စံ

Leave a Reply