၂၀၁၉ မေ ၂၅

ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်း စစ်ဘေးရှောင်များမှာ စားဝတ်နေရေး ပိုမို ခက်ခဲလာသည့်အပြင် လုံခြုံရေးအတွက်ပါ စိုးရိမ်နေရသည့် အခြေအနေတွင် ရှိနေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) နှင့် ရှမ်းပြည် ဒုက္ခသည်များ ဆိုင်ရာ ကော်မတီ ( ထိုင်းနယ်စပ်) (SSRC-TB) က ပြောသည်။

“လက်ရှိ အရမ်းစိုးရိမ်ရတယ်ပေါ့နော်။ ဒီစားနပ်ရိက္ခာအရေးနဲ့ လုံခြုံရေးအတွက်တော့ နည်းနည်း ပူနေရတာ ပေါ့နော် ။ လုံခြုံရေးဖက်ဆိုလည်း စိုးရိမ်ရတယ် ။ ပြီးတော့ စားနပ်ရိက္ခာအတွက်လည်း မလုံလောက်ဘူးပေါ့နော်” ဟု SHRF ပြောရေးဆိုခွင့်ရှိသူ စိုင်းရွက်လွင် က ပြောသည်။

ထို့ကြောင့် နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့များအနေဖြင့် ရှမ်းစစ်ဘေးရှောင်များကို ပြန်လည်ကူညီ ထောက်ပံ့ပေးကြရန် တောင်းဆိုလိုက်သည်။

ထို့အပြင် တပ်မတော်နှင့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့က စစ်ဘေးရှောင်စခန်းအနီး တပ်အင်အား တိုးချဲ့မှုကို ရပ်တန့်ပေးရန် SHRF နှင့် SRC-TB တို့က ပူးတွဲ ထုတ်ပြန်ချက်တစ်စောင် မေလ ၂၃ ရက်တွင် ထုတ်ပြန်လျက် တောင်းဆိုထားသည်။

စိုင်းရွက်လွင် က “နိုင်ငံတကာ အနေနဲ့လည်း ကျနော်တို့ ၂၀၁၇ စားနပ်ရိက္ခာ ကူညီထောက်ပံ့ရေး မဖြတ်တောက်ခင်တုန်းက ဆိုရင်တော့ မြေပုံထဲမှာဆိုရင် ရှိတယ်ပေါ့နော် ။ ကူညီတာတွေ အခုဆိုရင် သူတို့က မြေပုံစာရင်းထဲမှာတောင် မပါတော့ဘူး။ ဆိုတော့ အဲဒါက တိုက်တွန်းချင် တာပေါ့နော် ။ ပြန်ပြီးတော့ ထောက်ပံ့ပေးဖို့အတွက် တောင်းဆိုချင် တာပေါ့နော်” ဟု ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ပေးသည့် အဖွဲ့အစည်းများ မရှိသလောက်ဖြစ်နေသည့်အ တွက် ပိုမိုခက်ခဲလာခြင်းဖြစ်ကြောင်း၊ စစ်ဘေးရှောင်များ အနေဖြင့် စိုက်ပျိုးရေးလုပ်မည် ဆိုပါက မြေနေရာ အ ခက်အခဲအပြင် အခြားအခက်အခဲများစွာရှိနေသည်ဟု SHRF နှင့် SSRC-TB တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် အခြားတစ်ဖက်တွင်လည်း မြန်မာ့တပ်မတော်နှင့် UWSA တို့က စစ်ဘေး ရှောင်စခန်း အနီးသို့ တပ်အင်အား တိုးချဲ့လာသည့် အနေအထားများကြောင့် စစ်ဘေး ရှောင် များမှာ နေရာကျဉ်းကြပ်လာသည့်အပြင် လုံခြုံရေးအတွက်ပါ စိုးရိမ်နေရသည်ဟု စိုင်းရွက်လွင် က ဆက်ပြောသည်။

“ပြီးတော့ အခုလောလောဆယ်က အရမ်းကိုလည်း အရေးကြီးနေတယ် ။ နယ်မြေတိုးချဲ့တာက တော့ ဒုက္ခ သည် တွေ စခန်းအနီးတစ်ဝိုက်ဆိုရင် မြန်မာအစိုးရ စစ်တပ်တိုးချဲ့တာ ရှိမယ် ။ ပြီးတော့ ၀ စစ်တပ်ပေါ့နော။ UWSA ၀ စစ်တပ်ရှိမယ်ခင်ဗျား။ သူတို့က နယ်မြေချဲ့ပြီးတော့ ဝင်လာတာဆိုတော့ အဲဒါကတော့ အခက်အခဲ သာမကဘူး ၊ လုံခြုံရေးအပိုင်းမှာလည်း စိုးရိမ်ရတယ်ပေါ့နော ၊ ပိုစိုးရိမ်ရတယ်။ အဲလိုရှိတယ်ခင်ဗျား၊ လက်ရှိ အခြေအနေမှာ။ တိုးချဲ့တာတွေကို ဆက်ပြီးတော့ ရပ်ဆိုင်းဖို့ပေါ့ နော ၊ တောင်း ဆိုချင်တယ်”

အဆိုပါ ပူးတွဲ ထုတ်ပြန်ချက်ထဲတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် RCSS/SSA နှင့် အပစ် ရပ်စဲ တည်နေသော်လည်း မြန်မာအစိုးရ စစ်တပ်က ရှမ်းဒုက္ခသည်များ ခိုလှုံရာစခန်း ၅ ခု တဝိုက် တွင် အင်အားဖြည့်တင်းခြင်း၊ လမ်းသစ်ဆောက်လုပ်ခြင်း၊ ဒရုန်းလွှတ်တင်ခြင်း နှင့် ဖေဖော်ဝါရီလ ၂၀၁၉ တွင် ပြည်တွင်းစစ်ဘေးရှောင်များ တည်နေရာ စခန်း ၂ ခုကို ၁၂၀ မမ လက်နက်ကြီးဖြင့် ၆ ကြိမ်တိတိ ပစ်ခတ်ခဲ့ သည့်အတွက် စစ်ဘေး ရှောင်ဒုက္ခသည်များက ထပ်မံပစ်ခတ် တိုက်ခိုက်မှုမှ ကင်းလွတ် ရန် ဗုံးခိုကျင်းများနှင့် လေ့ကျင့်ခန်းများ ပြင်ဆင်ထားဆဲဖြစ်သည်ဟု ပါရှိသည်။

ထို့အပြင် ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA သည်လည်း ရှမ်းပြည်နယ်တောင်ပိုင်း စစ်ပြေး ရှောင်စခန်း များအနီးတဝိုက်တွင် နယ်မြေတိုးချဲ့မှုများ ပြုလုပ်နေသည်။

၂၀၁၉ ဖေဖော်ဝါရီလတွင် ၀ တပ်က ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA နှင့် နယ်နိမိတ် သဘောတူ ညီ ချက်ကို ချိုးဖျက်ပြီး လွိုင်ကော်ဝမ်း စစ်ဘေးရှောင် စခန်းအနီးရှိ တောင်ယာစိုက်ခင်းများကို သိမ်းဆည်းသည်။ စစ်ပြေးရှောင်များလည်း စိုက်ပျိုးရေးရှားပါး၍ ဝမ်းစာရှာရခက်ခဲကာ ပိတ်ပင်တားဆီး ခံနေရကြောင်း သိရသည် ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ရှမ်းပြည် ဒုက္ခသည် များဆိုင်ရာ ကော်မတီ ( ထိုင်းနယ် စပ်) SSRC-TB က ပြောရေးဆိုခွင့်ရှိသူ စိုင်းလျန်းက “ကျနော်တို့ရဲ့ ရွာနဲ့ လယ်ယာမြေတွေ မြန်မာအစိုးရနဲ့ ‘ဝ’ စစ်တပ်တွေရဲ့ လက်ထဲရှိနေတယ်။ အခုအခြေအနေ နဲ့ဆို ကျနော်တို့ နေရပ်ပြန်နိုင်ဖို့က မဖြစ်နိုင်ဘူး” ဟု ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

ရှမ်းစစ်ဘေးရှောင် စခန်းအနီး တဝိုက်တွင် ရာနှင့်ချီရှိနှင့်ပြီးသည့် မြန်မာအစိုးရ စစ်တပ်နှင့် “ဝ” စစ်တပ် ရှိရာကို စစ်အင်အားများ ထပ်မံ ဖြည့်ထားသည်ဟု ပြောသည်။

ထို့ကြောင့် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ မြေပုံ၌ ရှမ်းပြည်တောင်ပိုင်းအတွင်း စစ်အင်အား ကြီးထွားနေခြင်း၏ အတိုင်းအတာ ပမာဏကို မီးမောင်းထိုးပြနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်းတွင် ရှမ်းဒုက္ခသည် စခန်းတစ်ခုနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ပြည်တွင်း ရွေ့ပြောင်းနေထိုင်သူ (IDPs) စခန်း ၅ ခုရှိပြီး ၎င်းစခန်းများတွင် လူဦးရေ ၆၀၀၀ ကျော် ရှိသည် ဟု သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ ရှမ်းဒုက္ခသည်စခန်းနှင့် ပြည်တွင်း ရွေ့ပြောင်းနေထိုင်သူ (IDPs) စခန်းများတွင် ရှမ်း၊ လားဟူ၊ အာခါ၊ ဝ၊ တအာင်း၊ ပအို့ဝ်၊ လီဆူ၊ ကရင်နှင့် တရုတ် စသည့် တိုင်းရင်းသားများ ရောနှော နေထိုင်ကြ ပြီး ၎င်းဒုက္ခသည်စခန်းများမှာ ကောင်းမုံမိန်း၊ လွိုင်တိုင်းလျန်း၊ လွိုင်လမ်၊ လွိုင်ဆမ်ဆစ်၊ လွိုင်ကော်ဝမ်း နှင့် ကုန်းကျော် ဒုက္ခသည်စခန်းတို့ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းဒုက္ခသည်စခန်း နှင့် ပြည်တွင်းရွေ့ပြောင်းနေထိုင်သူ ( IDPs) စခန်းများသည် ၁၉၉၉ ခုနှစ်တွင် စတင်ဖြစ် ပေါ်ပေါက်လာခဲ့ပြီး ၎င်းစခန်းများရှိ ဒုက္ခသည်များမှာ ၁၉၉၆၊ ၁၉၉၈ ခုနှစ်က ရှမ်းပြည်နယ် အတွင်းတွင် စစ်အစိုးရ မှ ဒေသခံများအား အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီး ခြင်းတို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူများ ဖြစ်သည်။

သတင်းနှင့် မီဒီယာကွန်ရက်

Leave a Reply