Advertisements

“မလုပ်ပါရစေနဲ့”။ “မလုပ်ပါရစေနဲ့”။  စူးစူးဝါးဝါးအော်သံကြီးကြောင့် လန့်နိုးလာ၏။

“တယ် .. ဇရက်မင်းစည်းစိမ်ရစ်လို့ ကောင်းတုန်း၊ ငါကိုယ်တော် မန်ညောင့် ဖီလင်ပျက်အောင်လုပ်တာ ဘယ်ကောင်တုန်းကွ”။ အနှီကဲ့သို့ ခပ်ကျယ်ကျယ် အော်ဟစ်ပစ်လိုက်သည်။ ရင်ခေါင်းအတွင်း၌ပင်ဖြစ်၍ အသံမူကား
အပြင်သို့ ထွက်မလာ။

ထွက်၍လည်း မဖြစ်ပါချေ။ ခိုကပ်နေရသည့် ကျောင်းမှ ဘုန်းတော်ကြီး၏ နားတော်ရောက်သွားလျှင် အထု အထောင်းခံရပေဦးမည်။ စာကလည်း မတောက်တခေါက်ဖတ်၊ မြန်မာ့အရေး၊ ကမ္ဘာ့အရေးတွေကို ကြုံရာလူနှင့် အာဘောင်အာရင်း သန်သန်ပွားရင်းအချိန်တွေကုန်၊ တံမျက်စည်းပင် လှည်းမကူပေးသည့် မန်ညောင့်ကို ဘုန်းတော်ကြီးက ကြည်လှသည်မဟုတ်။ 

နဂိုကပင် တိတ်တဆိတ်နေတတ်သည့် ကျောင်းထိုင်ကြီး ထိုအသံကိုကြားလျှင် ဒုံးစိုင်း လာ၍ နှက်မည်မှာ သေချာလှသည်မဟုတ်ပါလော။ “ဒါဆိုဘယ်သူများပါလိမ့်၊ အထာမသိတာလား၊ သတ္တိပဲကောင်းလွန်းတာလား”။

မန်ညောင်တစ်ယောက် ထိုသို့တွေးရင်းအိပ်ယာမှ ကပျာကယာထ၊ ဟိုဟိုသည်သည်လိုက်ရှာမိ၏။ တရားစာအုပ် ဖတ်နေသည့် ကျောင်းထိုင်ဆရာတော်ကြီးမှ တစ်ပါး အခြားမတွေ့။

“ဟဲ့ကောင် ဘာတွေ အိန္ဒြေပျက်နေတာတုံး” “မဟုတ်..မဟုတ်ပါဘူး ဘုရား။ ဟိုကောင်မှန်ကြောင်နဲ့ လဖေ့ရည်သောက် ချိန်းထားလို့ သွားမလို့ပါဘုရာ့”

ထိုသို့ဆိုရင်း အသံကနောက် ခြေလှမ်းကအရင် အလျင်နှုန်းတင်၍ သုတ်ခြေတင်ရချေပြီတမုံ့။ မဟုတ်မူကား အလျှောက်မတော်လျှင် ကျောင်းပေါ်မှာ ဆော်ခံရမည့်ကိန်း။ အတွေးတို့က ကျောင်း၌ ကျန်ခဲ့သည်ဖြစ်၍ ချိန်းဆိုထားသော မော်ရွှေမြိုင်ကဖေးသို့ လျှောက်လာသည့် တစ်လျှောက် ခလုပ်တတိုက်တိုက်နှင့်ပင်။

“ဟေ့လူ ဟပ်ထိုး ဟပ်ထိုးနဲ့ ဘာဖြစ်လာ တာတုံး”

“ဟာ … မှန်ကြောင်”။ ရွှေမြိုင်ကဖေးသို့ရောက်လို့ရောက်မှန်းပင်မသိလိုက်ခြင်းဖြစ်၏။

မှန်ကြောင် ။ မေးနေတာဖြေဦးလေဗျာ။
မန်ညောင် ။ ငါလည်း ငါ့ကိုယ်ငါမေးနေတာပဲ။

မှန်ကြောင် ။ ဘာတွေတုန်းဗျာ။
မန်ညောင် ။ ဒီလိုကွ။ “မလုပ်ပါရစေနဲ့”ဆိုတဲ့ အသံနက်ကြီးကြောင့် ငါအိပ်ရာက လန့်နိုးလာတာ။ နို့ပေသည့် လိုက်ရှာကြည့်တော့ ဘယ်သူမှလည်းမတွေ့ဘူး။ အဲဒါကို တစ်လမ်းလုံးစဉ်းစားလာတာ။

မှန်ကြောင် ။ ခင်ဗျားဟာကလည်း။ မသိလဲ ထားလိုက်ပါဗျာ။ ကျွန်တော်မနေ့က မေးထားတဲ့ဟာ အခု ကျွန်တော့်ကို ရှင်းပြတော့။ သိချင်လို့ ရွှေမြိုင်ကဖေးကို အစောကြီးကတည်းက လာပြီးထိုင်စောင့်နေတာ၊ မအောင့်နိုင်တော့ဘူး။
မန်ညောင် ။ အဲဒါလည်း ငါမသိသေးဘူးဟ။

မှန်ကြောင် ။ ဟာ .. ခင်ဗျားဗျာ။
မန်ညောင် ။ မင်းကို ဟိုတစ်ခါပြောထားတဲ့အတိုင်းပဲလေ။ ဟိုနေ့ အမည်စာရင်းတင်သွင်းမယ်၊ ဒီနေ့ အမည် စာရင်းတင်သွင်းမယ်နဲ့ အဲဒီနေ့ကို ရောက်မလာသေးတော့ ငါလည်းမပြောတတ်သေးဘူး။

မှန်ကြောင် ။ စာမဖတ်တတ်လို့ အားကိုးပါတယ်ဆိုနေမှ။ “အ” သုံးလုံးထသင်ရမလိုဖြစ်နေပြီ။ 
မန်ညောင် ။ ချ ချ၊ အဲသဟာတော့ ငါအားပေးတယ်။ ဒို့တိုင်းပြည်မယ်။ စာတတ်၊ ပေတတ်၊ ဟိုဟာ တတ်၊ ဒီဟာတတ်တွေရှားနေပုံ မဟုတ်လား။ အခုမင်းသိချင်နေတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဟိုဝန်ကြီးနေရာ အခုထိ အစားမထိုးနိုင်သေးတာပဲကြည့်လေ။

မှန်ကြောင် ။ အသာလုပ်ပါ မန်ညောင်ရယ်။ စာမတတ်လို့ ရာထူးမရရင်နေပါစေ။ ငါ့မှာ ဟိုနတ်မင်းလို လက်တွေ အများကြီးလည်းမရှိ ဒသဂီရိလို ခေါင်းတွေ အများကြီးလည်း မပါဘူးဟ။
မန်ညောင် ။ မင်းနှယ့်ကွာ အားလျော့ရန်ကော။ အခုမင်းသိချင်နေတဲ့ လစ်လပ် မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီးနေရာကို ဘဏ္ဍာရေး၊ စီမံကိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးက ပူးတွဲပြီး တာဝန်ယူပြထားတာ သုံးလတောင်ကြာနေပြီ မတွေ့ဘူးလား။

မှန်ကြောင် ။ ဟိတ် သိချင်စိတ်ငယ်ထိပ်ရောက်အောင် လာမလုပ်နဲ့။ ဖေ့စ်ဘွတ်ခ်မယ် ဟိုတစ်ခါလိုပဲ ဒီတစ်ခါ လာပြန်ပြီ။ 
မန်ညောင် ။ ဘာတုန်းဟ မင်းဟာကလဲ။

မှန်ကြောင် ။ အော်ဒီလိုပါ။ မကြာခင်ကျင်းပတော့မယ့် ပြည်နယ်လွှတ်တော်မှာ နာမည်စာရင်းတင်လာဖို့ရှိတယ်။ လူရွေးနေတယ်။ ရွေးရခက်နေတယ်စသဖြင့် ဘာဘာ ညာညာ ဖေ့စ်ဘွတ်ခ်မယ်ရေးထားတာတွေ့လို့ပါ။
မန်ညောင် ။ အမလေးဗျ။

မှန်ကြောင် ။ ဘာဖြစ်တာလားဟ။
မန်ညောင် ။ သိပြီ၊ သိပြီ။

မှန်ကြောင် ။ တွေ့လား သိရဲ့သားနဲ့ လျှိုထား
တယ်။
မန်ညောင် ။ ဟကောင်၊ မင်းထင်ရာ ရမ်းပြောမနေနဲ့။

မှန်ကြောင် ။ နို့၊ ကျုပ်မေးထားတာကို သိတယ်လို့ပြောတာမဟုတ်ဘူးပေ့ါ။
မန်ညောင် ။ မဟုတ်ဘူးကွ၊ မဟုတ်ဘူး။ ငါ့ကိုအိပ်ရာကလန့်နိုးစေတဲ့ အသံနက်ကြီးကို သိပြီပြောတာ။

မှန်ကြောင် ။ ဘာဆိုင်လို့တုန်းဗျာ။

မန်ညောင် ။ ဆိုင်သမှ သိပ်ဆိုင်။ ဖုတ်သွင်းရထားတောင်ပါသေး။

မှန်ကြောင် ။ ဘာတွေတုန်းဗျာ။
မန်ညောင် ။ အမိန့်တော်အရ ဝန်လောင်းကိုပတ်ရှာနေတဲ့ ဖုတ်သွင်းရထားတစ်စင်း ငါ့ဆီဆိုက်ဆိုက်မြိုက်မြိုက် ကြီးရောက်လာတာ။ 

မှန်ကြောင် ။ အိုင်တီခေတ်ကြီးထဲ ဘယ်နှယ်ဖုတ်သွင်းရထားကြီး ရောက်လရတာတုံး။ ရုပ်ရှင်တွေကြည့်တာ များသွားပြီး ကြောင်နေတာလား။
မန်ညောင် ။ ဟာ မင်းကလည်း ဆုံးအောင်နားထောင်ပါဟ။ အပြင်မှတော့ အဲသလို လူသိရှင်ကြားရှာပါ့မလား။ အိပ်မက်ထဲမှာဟ အိပ်မက်ထဲမှာ။

မှန်ကြောင် ။ အဲဒီတော့ ဘာဖြစ်သွားလဲ။
မန်ညောင် ။ အေးလေ၊ အဲဒါကြောင့်သိလိုက်ရတာပေ့ါ။

မှန်ကြောင် ။ ပြောတော့ မသိသေးဘူးဆို။
မန်ညောင် ။ လုပ်ပြန်ပြီ။ လိုရာဆွဲတွေးနေပြန်ပြီ။ ငါမင်းကိုပြောပြထားတဲ့ အသံနက်ကြီးကိစ္စကို အခုသိပြီကွ။

မှန်ကြောင် ။ အော်.. အိပ်ရာက လန့်နိုးလောက်အောင်ကျယ်တဲ့ အသံဆိုးကြီးကပြောတာလား။ ဒါဆိုပြောကွာ။ အဲဒါဘယ်သူတုံး။
မန်ညောင် ။ ငါပဲ။
(ဒီတစ်ပတ်တော့ တော်သေးပြီ)

မန်ညောင်

Advertisements
<

Leave a Reply